စစ်အာဏာသိမ်းပြီးစ ကာလတွေမှာ သိန်းသန်းချီတဲ့ လူထုကြီးဟာ အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း လမ်းမပေါ်ထွက်လို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့်ပဲ လမ်းမပေါ်က လူထုလှုပ်ရှားမှုတွေ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး လက်နက်ကိုင်လှုပ်ရှားမှုအသွင် ပြောင်းခဲ့ပါတယ်။ စစ်ကောင်စီဟာလည်း လမ်းမတွေပေါ်မှာ နောက်ထပ်လူထုလှုပ်ရှားမှုတွေ ပေါ်မလာအောင် စောင့်ကြည့်ဖိနှိပ်မှုတွေကို ရပ်ကွက်နဲ့ ကျေးရွာအဆင့်တွေအထိ အရှိန်မြှင့်ခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ လမ်းတွေပေါ် စုဝေးဖို့ ခက်ခဲသွားပေမဲ့ စစ်အာဏာရှင်ကို မထောက်ခံကြောင်း အခွင့်သာရင်သာသလို နည်းမျိုးစုံနဲ့ ပြသခဲ့ပါတယ်။ လေးနှစ်ကျော် ငါးနှစ်နီးပါးကာလအတွင်း ပန်းသပိတ်တွေ၊ ထီးသပိတ်တွေ၊ အသံတိတ်သပိတ်တွေဟာ လူထုဆန္ဒအမှန်ရဲ့ သင်္ကေတပြယုဂ်တွေပါ။ စစ်အာဏာသိမ်းမှု နှစ်ပတ်လည်နေ့တွေ၊ နိုင်ငံတကာလူ့အခွင့်အရေးနေ့တွေမှာ အသံတိတ်သပိတ်လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့တာ နှစ်စဉ်တိုင်း ဖြစ်ပါတယ်။
အကြမ်းဖက်ဖိနှိပ်မှု ပြင်းထန်တဲ့ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်က လူထုအတွက် အသံတိတ်သပိတ်တွေဟာ သူတို့ရဲ့ ဆန္ဒကိုဖော်ပြဖို့ အခွင့်အလမ်းကောင်းတခု ဖြစ်ပါတယ်။ အသံတိတ်သပိတ်ဟာ စစ်ကောင်စီရဲ့ဖိနှိပ်ဖမ်းဆီးမှုကို ရှောင်ရှားနိုင်ဖို့ လွယ်ကူပါတယ်။ အသက်အရွယ်၊ လူတန်းစား၊ လူမျိုးမရွေးပါဝင်နိုင်ပြီး အခုအချိန်ထိ စစ်တပ်ရဲ့ အုပ်ချုပ်မှုကို လက်မခံသေးတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ပြသနိုင်ပါတယ်။ လမ်းပေါ်မှာ စုဝေးတာလောက်လည်း အရင်းအမြစ်တွေ သုံးစွဲစရာမလိုလှပါဘူး။ နေ့စဉ်ဘဝ စားဝတ်နေရေး၊ လုံခြုံရေးအတွက် ခက်ခက်ခဲခဲရုန်းကန်ရင်း စနစ်အပြောင်းအလဲကို ဂရုစိုက်ဖို့ ဝေးကွာသွားတဲ့လူထုကိုလည်း လှုပ်နှိုးစေတဲ့သတ္တိ ရှိပါတယ်။ စားဝတ်နေရေးပြာမှုန်တွေ ဖုံးသွားတဲ့ လူထုရဲ့ ဒီမိုကရေစီဆန္ဒမီးတောက်ကို ပြန်လည်ရဲတောက်လာစေပါတယ်။
တဖက်မှာလည်း ဒီလိုလူထုလှုပ်ရှားမှုမျိုးဟာ အကန့်အသတ်တွေတော့ ရှိပါတယ်။ နှိပ်ကွပ်ကိုင်တွယ်ဖို့ ပြန့်ကျဲနေပေမဲ့ စစ်ကော်မရှင်ကလည်း နည်းလမ်းအမျိုးမျိုးရှာပြီး ဖိနှိပ်နေပါတယ်။ အခုတခါ အသံတိတ်သပိတ်မှာလည်း မြို့ရွာရပ်ကွက်တချို့မှာ ဈေးဆိုင်တွေ ဖွင့်လှစ်ခြင်း ရှိ၊ မရှိ မှတ်တမ်းယူစောင့်ကြည့်တာမျိုး ရှိခဲ့ပါတယ်။ အသံတိတ်သပိတ်ရဲ့ အောင်မြင်မှုဟာ လူထုဆန္ဒကို မြင်သာစေတဲ့ သင်္ကေတသဘောဆောင်ပေမဲ့ မူဝါဒနဲ့ စနစ်အပြောင်းအလဲကို တိုက်ရိုက်သက်ရောက်နိုင်ဖို့ ခက်ခဲပါတယ်။ စစ်ကော်မရှင်က သူ့အပေါ် လူထုမထောက်ခံတာကို သိပြီးသားပါ။ ဒါကြောင့်မို့လို့လည်း သူ့ရဲ့ရပ်တည်ရေးအတွက် လူထုကပေးတဲ့ တရားဝင်မှုထက် ဖိနှိပ်နိုင်စွမ်းကိုပဲ ပိုအားကိုးပါတယ်။ ဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေကို လက်လွတ်စပယ် ကျူးလွန်တတ်တဲ့ စစ်ကော်မရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ဒီလိုလူထုလှုပ်ရှားမှုမျိုးကို ရေရှည်ဖော်ဆောင်နိုင်ဖို့လည်း ခက်ပါတယ်။ နောက်ပြီး သင်္ကေတသဘောဆောင်တဲ့ လူထုလှုပ်ရှားမှုတွေဟာ ပုံစံတူ ထပ်ခါထပ်ခါလုပ်ဆောင်တဲ့အခါမှာလည်း သက်ရောက်မှု မှိန်ဖျော့သွားတတ်တဲ့ သဘောရှိပါတယ်။
ဒီလိုအကန့်အသတ်တွေ ရှိနေပေမဲ့လည်း လူထုဟာ စစ်အာဏာရှင်စိုးမိုးမှုကို လက်မခံကြောင်း အခွင့်သာရင်သာသလို နည်းပေါင်းစုံနဲ့ ထုတ်ဖော်လေ့ရှိပါတယ်။ ဒါကလည်း အခုမှမဟုတ်ပါဘူး။ သမိုင်းအစဉ်အဆက်မှာ လူထုရဲ့ တက်ကြွပါဝင်မှုဟာ အမြဲလို ပြည့်စုံခဲ့ပါတယ်။ ရှစ်လေးလုံးလူထုလှုပ်ရှားမှုကစပြီး ခေတ်အဆက်ဆက်မှာ လူထုရဲ့ တက်ကြွပါဝင်မှုက တာဝန်ကျေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်ခင်ကလည်း စစ်တပ်ကြီးစိုးတဲ့စနစ်ကို မနှစ်သက်ကြောင်း မဲပုံးတွေကတဆင့် ပြသခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုအလွန်မှာလည်း လူထုဆန္ဒပြပွဲကစလို့ အထက်မှာပြောခဲ့သလို ထီးသပိတ်၊ ပန်းသပိတ်တွေအပါအဝင် CDM လှုပ်ရှားမှုမှာပါဝင်တာ၊ လက်နက်ကိုင်တော်လှန်ရေးကို ထောက်ပံ့တာ စသဖြင့် နိုင်ငံရေးဖြစ်စဉ်မှာ ပုံစံပေါင်းစုံနဲ့ ပါဝင်ခဲ့ကြတယ်။
အခုတခါ ရက်စက်တဲ့ဖိနှိပ်မှုတွေအကြားက လူထုပူးပေါင်းပါဝင်ခဲ့တဲ့ အသံတိတ်သပိတ်ဟာလည်း အာဏာသိမ်းစစ်တပ်ကိုသာမက အတိုက်အခံခေါင်းဆောင်တွေကိုပါ သတင်းစကားပေးပို့တယ်လို့ သုံးသပ်နိုင်ပါတယ်။ လူထုဟာ စစ်တပ်ရဲ့ ဖိနှိပ်မှု၊ စီးပွားရေးပြိုလဲမှု စတဲ့ လူမှုစီးပွားဒုက္ခအသီးသီး အသကအသကနဲ့ ရုန်းကန်နေရပေမဲ့ စစ်အာဏာရှင်ကြီးစိုးမှုကို လက်မခံဘူးဆိုတာ စစ်တပ်ကို သတင်းစကားပေးနေပါတယ်။
ခေတ်အဆက်ဆက်တာဝန်ကျေတဲ့ လူထုရဲ့ ပူးပေါင်းပါဝင်မှုကို သင်္ကေတတန်ဖိုးအဖြစ်ကနေ နိုင်ငံရေးရလဒ်အဖြစ် ပြောင်းလဲဖို့တာဝန်ကတော့ အတိုက်အခံခေါင်းဆောင်တွေရဲ့ ပခုံးပေါ်မှာ ရှိနေသေးကြောင်းကိုလည်း သတင်းစကားပေးပို့နေတာ ဖြစ်ပါတယ်။ အသံတိတ်သပိတ်လား၊ သံပုံးတီးဖို့လား စသဖြင့် ဘယ်လိုလှုပ်ရှားမှုတွေ ပုံဖော်ကြမလဲဆိုတဲ့ နည်းနာဆန်းသစ်မှုတွေအပြင် ဘယ်လိုရလဒ်ထွက်အောင် တဆင့်ချင်း ရှေ့ဆက်မလဲဆိုတဲ့ မဟာဗျူဟာစဉ်းစားချက်ကိုပါ အတိုက်အခံခေါင်းဆောင်တွေအနေနဲ့ ဆန်းသစ်ဖို့ လိုအပ်လှပါတယ်။ ဒီအတွက် စမှတ်ဟာ စစ်ရေးကဲပြီး ဖိနှိပ်မှုပြင်းထန်နေတဲ့ ရပ်ဝန်းမှာ လူမှုအသိုင်းအဝိုင်းကို ဘယ်လိုပြန်တည်ဆောက်ကြမလဲ၊ လူထုအတွက် စွန့်စားရမှုနည်းပြီး နေ့စဉ်ဘဝမှာ ရလဒ်အကျိုး တိုက်ရိုက်ခံစားရစေမယ့် လှုပ်ရှားမှုတွေကို ဘယ်လိုဖော်ဆောင်မလဲဆိုတာကို မဟာဗျူဟာကျ စဉ်းစားစရာဖြစ်တယ်လို့ ဆိုချင်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်ရေးရာသမိုင်းမှာ ထင်ရှားကြတဲ့ ဦးရွှေအုန်း၊ ဦးထွန်းမြင့် စတဲ့ ရှမ်းနိုင်ငံရေးသမားကြီးတွေကို မှတ်မိကြမယ် ထင်ပါတယ်။ သူတို့ရဲ့ နိုင်ငံရေးလုပ်ရှားမှုတွေဟာ ဖက်ဒရယ်မူဝါဒတွေ ရေးဆွဲချမှတ်တာကနေ စတင်ခဲ့ကြတာ မဟုတ်ပါဘူး။ ကြမ်းတမ်းဖိနှိပ်လွန်းတဲ့ ဂျပန်ဖက်ဆစ်တွေလက်ထက်မှာ အလင်းရောင် စာကြည့်တိုက်လို၊ ဝိတ်မ,ကလပ်နဲ့ ကျွမ်းဘားသင်တန်းတွေလို လှုပ်ရှားမှုတွေကနေ လူထုကြားထဲ စိမ့်ဝင်ပြီး လူထုကို နိုင်ငံရေးဇာတ်သွင်းခဲ့တာပါ။ မဝေးသေးတဲ့ကာလ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွေမှာလည်း ပအိုဝ်းပြည်သူ့စစ်နဲ့ စစ်တပိုင်းအစိုးရတို့ ကြီးစိုးထားတဲ့ ပအိုဝ်းနယ်မြေထဲမှာ လူငယ်တွေဟာ စာဖတ်အသင်းတွေ၊ ပရဟိတအသင်းတွေက အစပြုပြီး ဖိနှိပ်ကြီးစိုးထားတဲ့ ပြည်သူ့စစ်အာဏာကို တစတစအန်တုခဲ့ကြတာကိုလည်း သတိရစေချင်ပါတယ်။
အချုပ်ဆိုရရင်တော့ လူထုဟာ အသံတိတ်သပိတ်ကတဆင့် သူတို့ရဲ့ နိုင်ငံရေးလိုလားချက် အာသီသကို သမိုင်းအစဉ်အဆက် မပျက်မကွက် ပြသခဲ့သလို ထပ်မံပြသခဲ့ပြီးပါပြီ။ အတိုက်အခံခေါင်းဆောင်တွေအတွက်တော့ ဒီအာသီသနဲ့ ပါဝင်မှုတွေကို ကြွေးကြော်သံ slogan သက်သက်တင်မဟုတ်ဘဲ ရလဒ်ထွက်စေမယ့် အစီအမံ program တွေအဖြစ် ဘယ်လိုပြောင်းလဲမလဲဆိုတဲ့ ပုစ္ဆာကို အဖြေရှာဖို့သာ လိုအပ်ပါကြောင်း တိုက်တွန်းချင်ပါတယ်။
