POV

၂၀၂၆ ခုနှစ်အတွက် စောင့်ကြည့်ဖွယ် လားရာ ၁၀ ခု

၁။ အမေရိကန် နှစ် ၂၅၀ မြောက်၊ ၂။ ပထဝီနိုင်ငံရေး အကွဲအပြဲ၊ ၃။ စစ်ပွဲလား၊ ငြိမ်းချမ်းရေးလား၊ ၄။ ဥရောပအတွက် ပြဿနာများ၊ ၅။ တရုတ်အတွက် အခွင့်အလမ်း၊ ၆။ စီးပွားရေး မရေရာမှုများ၊ ၇။ ဉာဏ်တု (AI) အပေါ် စိုးရိမ်မှု၊ ၈။ ရောထွေးနေသော ဥတုပြောင်းလဲမှုပုံရိပ်၊ ၉။ အားကစားဆိုင်ရာ တန်ဖိုးထားမှုများ၊ ၁၀။ အိုဇမ်းပစ် (Ozempic) ပိုကောင်းလာမှာလား။
By  ငြိမ်းချမ်းမောင်  | November 18, 2025

(ယခုဆောင်းပါးသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်ထုတ် The Economist မဂ္ဂဇင်းတွင် ပါရှိသော “The World Ahead 2026” ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်)

ဒီနေ့ကာလကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကမ္ဘာပါပဲတဲ့။ ကျနော်တို့က သူ့ကမ္ဘာမှာ နေထိုင်နေကြရတာ။ ဝရုန်းသုန်းကားဖြစ်အောင် အလုပ်နိုင်ဆုံးသူကြီး (The disruptor-in-chief) ဖြစ်တဲ့အလျောက် ၂၀၂၅ ခုနှစ်ကို သူ့အလိုကျပဲ ပုံသွင်းဖန်တီးခဲ့တာပါ။ အိမ်ဖြူတော်မှာ သူရှိနေသမျှကာလပတ်လုံး ဒီအခြေအနေကို ဆက်ကြုံနေရပါမယ်တဲ့။ တန်ဖိုးထားမှုတွေကို ဖျက်ဆီးနေတဲ့ သူ့ရဲ့ချဉ်းကပ်ပုံကြောင့် တချို့ကိစ္စတွေမှာ အစီအစဉ်တွေပျက်၊  (ကုန်သွယ်မှုကိစ္စ)ဖရိုဖရဲတွေ ဖြစ်စေပေမဲ့ သံတမန်ရေးအရတော့ တချို့ရလဒ်တွေ (ဥပမာ – ဂါဇာ) ထွက်ပေါ်စေခဲ့တယ်လို့ သုံးသပ်ထားပါတယ်။ တချို့ကိစ္စတွေလည်း မပြောင်းမနေရ ဖြစ်အောင်တွန်းပို့ခဲ့ပါတယ် (ဥပမာ – ဥရောပကာကွယ်ရေးအသုံးစရိတ်)။ အခုလာမယ့် ၂၀၂၆ ခုနှစ်မှာ ဖြစ်တန်ခြေလားရာ အချက် ၁၀ ချက်ကို အယ်ဒီတာ တွမ်စတန်းဒိတ်ချ် (Tom Standage) က ဆွေးနွေးထားပါတယ်။ 

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

၁။ အမေရိကန် နှစ် ၂၅၀ မြောက် 

အမေရိကန်ရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အကြောင်း ပြောကြတဲ့နေရာမှာ အလွန့်ကိုကွဲပြားခြားနားတဲ့ ရှုထောင့်တွေကို ကြားနေကြရပါတယ်။ ရီပတ်ဘလစ်ကန်တွေနဲ့ ဒီမိုကရက်တွေက နှစ် ၂၅၀ မြောက်မယ့်ကာလမှာ ဒီနိုင်ငံတခုတည်းကိုပဲ ညှိနှိုင်းလို့မရနိုင်လောက်အောင် အဓိပ္ပာယ်ဖွင့်နေကြပါတယ်။ မဲဆန္ဒရှင်တွေကတော့ လာမယ့်နိုဝင်ဘာကြားဖြတ်ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုပြီး အမေရိကန်ရဲ့ အနာဂတ်ကို မှန်းဆနေကြပါတယ်။ အကယ်၍ ဒီမိုကရက်တွေက အောက်လွှတ်တော် (ကွန်ဂရက်) ကို အသာစီးရ ထိန်းချုပ်နိုင်တယ်ဆိုရင်တောင် ထရမ့်ကတော့ ဗိုလ်ကျနေဦးမှာပါပဲ။ သူ့ရဲ့သမ္မတအမိန့်စာတွေနဲ့ ဆက်လုပ်နေဦးမှာပါ။ 

၂။ ပထဝီနိုင်ငံရေး အကွဲအပြဲ 

နိုင်ငံခြားရေးမူဝါဒ သုံးသပ်သူတွေလည်း ကွဲပြားနေကြပါတယ်။ အခုကာလမှာ ကမ္ဘာကြီးက စစ်အေးတိုက်ပွဲ အသစ်လား၊ အမေရိကန်ဦးဆောင်အုပ်စုနဲ့ တရုတ်ဦးဆောင်အုပ်စုတွေအကြား အားပြိုင်မှုလား။ ဒါမှမဟုတ် ထရမ့်ဝါဒီတွေက ကွဲပြားနေတဲ့ အမေရိကန်၊ ရုရှား၊ တရုတ်တို့ရဲ့ ‘ဩဇာလွှမ်းနယ်ပယ်’တွေအကြား ကိုယ်ကြိုက်တာကိုယ်လုပ် ခွဲခြားအုပ်ချုပ်နေကြမှာလား၊ သဘောကွဲ နေကြပါတယ်။ ဘယ်အယူမှ မယူတာလည်း ရှိကြပါတယ်။ မစ္စတာထရမ့်ကတော့ သူ့စိတ်ထဲပေါ်ရာ အပေးအယူလုပ်၊ ‘ဆန်ပေးလို့ ဆေးယူ’ ချဉ်းကပ်မှုမျိုးနဲ့ သွားနေပါတယ်။ ပထဝီနိုင်ငံရေး ပါရာဒိုင်းတွေ၊ ဘာတွေ သိပ်စဉ်းစားနေတာတော့ မဟုတ်ပါဘူး။ စည်းမျဉ်းဥပဒေသတွေအပေါ်အခြေခံတဲ့ ကမ္ဘာဟောင်းကတော့ မရှိတော့ပါဘူး၊ ပြိုကွဲနေပါပြီ။ ဒါပေမဲ့ ‘စိတ်သဘောတူသူတွေစုတဲ့ ညွန့်ပေါင်း’ (coalitions of the willing) မျိုးနဲ့ ကာကွယ်ရေး၊ ကုန်သွယ်ရေးနဲ့ ဥတုဖောက်ပြန်ပြောင်းလဲမှုကိစ္စတွေမှာတော့ သဘောတူညီ တူရာစုတာမျိုးတော့ ဖြစ်နိုင်ပါတယ်။ 

၃။ စစ်ပွဲလား၊ ငြိမ်းချမ်းရေးလား 

ကံကောင်းတယ် ဆိုရမလား၊ ပြိုကွဲလွယ်တဲ့ ဂါဇာငြိမ်းချမ်းရေးကတော့ တည်မြဲနေတုန်းပါပဲ။ ဒါပေမဲ့ ယူကရိန်း၊ ဆူဒန်နဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေကတော့ ဆက်လက်လောင်ကျွမ်းနေပါတယ်။ ရုရှားနဲ့ တရုတ်က ‘မီးခိုးရောင်ဇုန်’ထဲမှာရှိတဲ့ အမေရိကန်ရဲ့ မဟာမိတ်တွေကို ထိဆွနေရင်း အမေရိကန်ရဲ့ စိတ်ပိုင်းထားမှု ဘယ်လောက်ခိုင်မာသလဲဆိုတာ စမ်းသပ်နေကြပါတယ်။ ဥပမာ မြောက်ဥရောပနဲ့ တောင်တရုတ်ပင်လယ်အရေးမျိုးပါ။ စစ်ပွဲနဲ့ ငြိမ်းချမ်းရေးအကြားက မျဉ်းဟာ ပိုပြီးမသဲကွဲဝေဝါးစရာ ဖြစ်လာနေပါတယ်။ အာတိတ်ဝင်ရိုးစွန်းမှာ၊ အာကာသပတ်လမ်းမှာ၊ ပင်လယ်ကြမ်းပြင်မှာ၊ ဆိုက်ဘာစပေ့နယ်ပယ်ထဲမှာ တင်းမာမှုတွေကတော့ ပိုတိုးလာနေပါတယ်။ 

၄။ ဥရောပအတွက် ပြဿနာများ

ဒီလိုအခြေအနေတွေအားလုံးက ဥရောပအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်မှာလားဆိုတာ မေးခွန်းစာမေးပွဲတခုလို ဖြစ်နေပါတယ်။ အမေရိကန်ကို ဘေးမှာထားပြီး သူ့ကာကွယ်ရေးအသုံးစရိတ်တော့ မြှင့်ရမှာပါ။ စီးပွားရေးဖွံ့ဖြိုးမှုကို မြှင့်ရမှာပါ။ ဘတ်ဂျက်လိုငွေ ကွာဟချက်ပြဿနာကို ရှင်းကြရမှာပါ။ အစိုးရတွေက ချွေတာရေးအစီအစဉ်တွေ လုပ်လာရင် လက်ယာအစွန်းရောက်ပါတီတွေကို လူတွေထောက်ခံကြဖို့ အားဖြည့်သလို ဖြစ်သွားနိုင်ပါသေးတယ်။ ဥရောပက လွတ်လပ်စွာကုန်သွယ်မှုနဲ့ ပတ်ဝန်းကျင်စိမ်းလန်းရေးကိုလည်း ဦးဆောင်ပြီး တိုက်တွန်းပြောဆိုသူ လုပ်ချင်နေပါသေးတယ်။ ကိစ္စအားလုံးကို တချိန်တည်းလုပ်နိုင်ဖို့တော့ ခက်ခဲပါလိမ့်မယ်။ ကာကွယ်ရေး အသုံးစရိတ်ကို ပုံအောဖြုန်းခဲ့မယ်ဆိုရင်ဖြင့် စီးပွားရေးတက်ဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နည်းနည်းပဲ တက်မှာပါ။ 

၅။ တရုတ်အတွက် အခွင့်အလမ်း

တရုတ်မှာလည်း သူ့ပြဿနာနဲ့သူပါ။ ငွေကြေးကျုံ့နေတာ၊ ဖွံ့ဖြိုးမှုနှေးနေတာ၊ စက်မှုထုတ်ကုန် အလွန်အကျူးပိုနေတာတွေ ကြုံနေရပါတယ်။ ဒါပေမဲ့ မစ္စတာထရမ့်ရဲ့ ‘အမေရိကန်ပထမ’မူဝါဒကြောင့် တရုတ်အနေနဲ့ ကမ္ဘာပေါ်မှာ ဩဇာလွှမ်းမိုးနိုင်မယ့် အခွင့်အလမ်းအသစ်လည်း ဖြစ်ပေါ်လာပါတယ်။ တရုတ်အနေနဲ့ မှီခိုအားထားနိုင်မယ့် မိတ်ဖက်တဦးအဖြစ် သူ့ကိုယ်သူ ဖော်ပြနေပါတယ်။ အထူးသဖြင့် တောင်ကမ္ဘာခြမ်းနိုင်ငံတွေအကြား ဩဇာကြီးလာပါတယ်။ ကုန်သွယ်မှု သဘောတူညီချက်တွေ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ပဲပိစပ်ကိစ္စ၊ မိုက်ခရိုချစ်ပ်ကိစ္စတွေမှာ ထရမ့်နဲ့ သဘောတူညီချက် ရယူနိုင်ခဲ့တာကို တရုတ်က ပျော်နေပါတယ်။ အမေရိကန်နဲ့ ဆက်ဆံရေးကို တရုတ်က အပေးအယူသဘောမျိုး ဆက်ဆံမယ့်ပုံပါ။ ထိပ်တိုက်ရင်ဆိုင်တာမျိုးတော့ လုပ်နိုင်ဖွယ်မရှိပါဘူး။

၆။ စီးပွားရေး မရေရာမှုများ 

သမ္မတထရမ့်ရဲ့ သွင်းကုန်ခွန်ကိစ္စတွေကြောင့် အကျိုးနည်းမယ် မှန်းထားကြပေမဲ့ အမေရိကန်ရဲ့ စီးပွားရေးက ထင်ထားတာထက် ကြံ့ကြံ့ခံနေနိုင်ပါသေးတယ်။ ဒါပေမဲ့ တောင်ကမ္ဘာခြမ်းနိုင်ငံတွေအတွက်တော့ ဒုက္ခကြီးပါလိမ့်မယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေက သူတို့တတ်နိုင်တာထက်ပိုပြီး နေထိုင်သုံးစွဲနေကြတဲ့ကာလမှာ ငွေတိုက်စာချုပ်ဈေးကွက် (bond-market) ရဲ့ အကျပ်အတည်းကတော့ ကြီးကြီးလာနေပါတယ်။ ဒီကိစ္စအများစုက အမေရိကန်ဗဟိုဘဏ် (FED) ဥက္ကဋ္ဌ ဂျရုမ်းပေါင်ဝဲ (Jerome Powell) ကို မေလမှာ အစားထိုးရွေးချယ်မယ့်ကိစ္စတွေနဲ့ သက်ဆိုင်နေပါတယ်။ FED ကို နိုင်ငံရေးအကွက်တွေ ခင်းနေရင်ဖြင့် ဈေးကွက်နဲ့ ထိပ်တိုက်တွေ့ ပြဿနာတက်နိုင်ပါတယ်။ 

၇။ ဉာဏ်တု (AI) အပေါ် စိုးရိမ်မှု 

AI အတွက် အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေး ငွေဖောဖောသီသီ သုံးနေကြတာကြောင့် အမေရိကန်ရဲ့ စီးပွားရေးအားနည်းချက်ကို မမြင်နိုင်အောင် ဖုံးကွယ်ထားသလို ဖြစ်နေနိုင်ပါတယ်။ ဒီပူဖောင်းဟာ တချိန်မှာ ပေါက်ကွဲမှာလား။ အရင်တုန်းက ‘ပေါက်’ခဲ့ကြတဲ့ ရထားလမ်းတွေ၊ လျှပ်စစ်၊ အင်တာနက်လိုမျိုး တချိန်ကျရင် ဈေးကွက်မှာ ‘ကွဲ’နိုင်ပါတယ်။ ဒါကြောင့် နည်းပညာမှာ အစစ်အမှန်တန်ဖိုးမရှိဘူးလို့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ ပိုလို့ကျယ်ပြန့်တဲ့ စီးပွားရေးသက်ရောက်မှု နောက်ဆက်တွဲ ရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်အကိုင်တွေအပေါ်မှာ သက်ရောက်နိုင်ပါတယ်။ အထူးသဖြင့် ဘွဲ့ရတွေအတွက် ပိုခက်ခဲပါလိမ့်မယ်။ 

၈။ ရောထွေးနေသော ဥတုပြောင်းလဲမှုပုံရိပ် 

အပူအချိန် ၁ ဒသမ ၅ စင်တီဂရိတ် တက်လာရင်ဖြင့်ဆိုပြီး ကန့်သတ်ထားမှုက ဘေးချိတ်ထားရမလို ဖြစ်လာနေတဲ့ အခြေအနေမှာ သမ္မတထရမ့်က ပြန်ပြည့်မြဲစွမ်းအင်ဆိုတာမျိုးကို မုန်းတီးနေပါတယ်။ ကမ္ဘာတခုလုံး ကာဘွန်ထုတ်လွှတ်မှုက အမြင့်ဆုံးဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ သန့်စင်တဲ့စွမ်းအင်နည်းပညာက တောင်ကမ္ဘာခြမ်းမှာ ထွန်းကားလို့နေပါတယ်။ ဒီလိုနဲ့ လုပ်ငန်းကြီးတွေ၊ ကုမ္ပဏီတွေက သူတို့ရဲ့ သတ်မှတ်ပစ်မှတ်ကို ပြည့်မီနိုင်ဖွယ် ရှိနေပါတယ်။ ကျော်လွန်ကောင်းလည်း ကျော်နိုင်ပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့အမျက်ကို ကြောက်လို့ တိတ်တဆိတ်ဆက်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကမ္ဘာ့ကိုယ်တွင်းအပူကို ပြန်အသုံးချနိုင်မယ့် စွမ်းအင် (geothermal energy) ကိုတော့ စောင့်ကြည့်သင့်ပါတယ်။ 

၉။ အားကစားဆိုင်ရာ တန်ဖိုးထားမှုများ

အားကစားကိစ္စတွေကိုတော့ နိုင်ငံရေးနဲ့ ခွဲခြားထားပြီး စဉ်းစားသင့်ပါတယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့ ၂၀၂၆ ခုနှစ်မှာ ဖြစ်နိုင်ပါ့မလား စဉ်းစားဖွယ်ရှိပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပွဲကို အခုအချိန် သူတို့အကြားဆက်ဆံရေး မကောင်းလှတဲ့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့က အိမ်ရှင်အဖြစ် ပူးတွဲကျင်းပကြမှာပါ။ ပရိသတ်တွေ ရောက်မလာကြတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အားကစားပွဲတွေမှာ စွမ်းရည်မြှင့်ဆေး သုံးခွင့်ပေးတဲ့ လာ့စ်ဗေးဂတ်စ် (Enhanced Games) တွေက ပိုပြီးအငြင်းပွားဖွယ် ဖြစ်နိုင်ပါသေးတယ်။ အားကစားသမားတွေက စွမ်းရည်မြှင့်ဆေးတွေ သုံးနိုင်ပါတယ်။ ဒါဆိုရင် အားကစားပွဲမှာ လိမ်တယ်လို့ ဆိုမှာလား၊ ဒါမှမဟုတ် မတူခြားနားတဲ့ ပွဲတမျိုးလို့ ဆိုမှာလား.. မေးစရာပါပဲ။ 

၁၀။ အိုဇမ်းပစ် (Ozempic) ပိုကောင်းလာမှာလား

ပိုကောင်းတဲ့၊ ဈေးပိုချိုတဲ့ ကိုယ်အလေးချိန်လျှော့ချဆေး GLP-1 လာပါပြီ။ ဆေးလုံးပုံစံနဲ့ ထွက်ပေါ်လာတာကြောင့် လွယ်လွယ်လက်လှမ်းမီနိုင်ပါတယ်။ ဒါပေမဲ့ ဒါကိုသုံးစွဲခြင်းအားဖြင့် လိမ်လည်ရာ ရောက်ပါသလား။ GLP-1 ကို အားကစားသမားတွေ၊ ခန္ဓာကိုယ်ကြွက်သား တည်ဆောက်သူတွေအပြင်၊ စွမ်းရည်မြှင့်ဆေးအဖြစ်လည်း သုံးနိုင်တာကြောင့် အားကစားပွဲတွေမှာ ကျင့်ဝတ်ပိုင်းဆိုင်ရာအရေးတွေအတွက် ဆွေးနွေးငြင်းခုံမှုတွေ ဖြစ်နေပါပြီ။ အိုလံပစ်ပွဲတွေမှာ ဝင်ပြိုင်နိုင်တဲ့သူတွေ နည်းပါလိမ့်မယ်။ ဒါပေမဲ့ Ozempic ကစားပွဲတွေမှာတော့ လူတိုင်းလိုလို ဝင်ပြိုင်နိုင်မယ့် သဘောတော့ ဖြစ်နေပါပြီ။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles