ပထမဆုံးမေးချင်သည်မှာ ‘စစ်ဗိုလ်ချုပ်များသည် ကိုယ့်ကိုသစ္စာခံသူများကိုပင် နိုင်ငံရေးအရ ရှင်းလင်းသုတ်သင်ပစ်သလားဆိုသည့်မေးခွန်းပင်။
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲဝင်ခွင့်ပိတ်ပင်ခံရခြင်းသည် အငြင်းအခုံများဖြင့် ပွဲဆူသွားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကနေ စစ်တပ်ထောက်ခံသူအဖြစ် ဘက်ပြောင်းခိုလှုံသူ ဒေါ်သက်သက်ခိုင်သည် စစ်အာဏာသိမ်းအုပ်ချုပ်ရေးကာလတွင် အစိုးရအဖွဲ့ဝင်ဖြစ်ခဲ့သူ ဖြစ်သည်။ အတွင်းစည်းသို့ရောက်ခဲ့သူဟုဆိုနိုင်သည်။ NLD ထောက်ခံသူများနှင့် တော်လှန်ရေးလမ်းစဥ်ကို ယုံကြည်သူများ၏ ပြင်းထန်သော ဝေဖန်မှုများကို ခံရလင့်ကစား အပြာရောင်ပါတီဥက္ကဋ္ဌသည် စစ်တပ်ကို မမှိတ်မသုန် ဆက်လက်ထောက်ခံခဲ့သည်။ ယခုတော့ စိန်ရွှေရတနာ လုပ်ငန်းရှင်ကြီးခမျာ နိုင်ငံရေးတွင် အသည်းကွဲသွားလေပြီ။ PPP ပါတီသည်လည်း ခေါင်းမပါသော ရထားဖြင့် ရွေးကောက်ပွဲခရီးကို ခုတ်မောင်းရတော့မည်ဖြစ်သည်။
PPP ထက် အဖြစ်ဆိုးသည်က အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ဖြစ်သည်။ ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်းနေချိန် တပါတီလုံး ဖျက်သိမ်းခံရခြင်းဖြစ်သည်။ NDF သည်၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရေး၊ မဝင်ရေး NLD ပါတီအတွင်း သဘောထားကွဲချိန်တွင် ခွဲထွက်ကာ ပါတီသစ်ကို ထူထောင်ပြီး ရွေးကောက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။ NLD ကနေ စီနီယာခွဲထွက်သူများဟု ဆိုနိုင်ပေသည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် NLD နှင့် NDF ဟောင်းများ ဖြစ်ကြသည့် ဦးခင်မောင်ဆွေနှင့် ဦးသိန်းညွန့်တို့သည် စစ်ကောင်စီဝင်များအဖြစ် စစ်တပ်၏ ဦးဆောင်မှုကို ခိုလှုံခဲ့ကြပြီးဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်တပ်နှင့်နီးကပ်သူ NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်းကလည်း NDF ၏ ဒုတိယဥက္ကဋ္ဌအဖြစ်ဖြင့် ရွေးကောက်ပွဲဝင်မည်ဟု ကြုံးဝါးခဲ့သည်။ NDF အဖျက်ခံရတော့ ဒေါ်စန္ဒာမင်းလည်း အသည်းကွဲသည်။ သို့သော် အမြန် move on(မေ့ပစ်) ပြီး တသီးပုဂ္ဂလဝင်ပြိုင်သည်။
သဘောထားတင်းမာသူ ဗိုလ်ချုပ်ဟောင်းသန်းစိုး ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်သည် အထက်ပါ နိုင်ငံရေးအရ အငြင်းပွားဖွယ်ကိစ္စများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဥပဒေအရဟု သေချာပေါက်အကြောင်းပြခဲ့ပါသည်။ သို့သော် ရွေးကောက်ပွဲဝင်ခွင့်ပိတ်ပင်ခံထားရသူ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်ကိုမူ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထောက်ခံချက်ဖြင့် ရွေးကောက်ပွဲဝင်ခွင့်ပြုလိုက်ပြန်သည်။ ဥပဒေနှင့် အမိန့်ကြေညာစာတွေသုံးပြီး ရွေးကောက်ပွဲစည်းဝိုင်းထဲကလူတွေကို စည်းပြင်ထုတ်၊ စည်းဝိုင်းအပြင်ကလူကို စည်းထဲပြန်သွင်းသည်။
အကြမ်းဖက်မှုတြိဂံ (The Violence Triangle) အရ ပြောရလျှင် စစ်တပ်ကရေးဆွဲသည့် ဥပဒေများသည် အဖွဲ့အစည်းဆိုင်ရာအကြမ်းဖက်မှု(Structural Violence) ပင်ဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ပိတ်ပင်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မများစွာတွင် ထိုအချက်ကို တွေ့ခဲ့ပြီးဖြစ်သည်။ တိုက်ရိုက်အကြမ်းဖက်မှု (Direct Violence) လို သေနတ်ဖြင့်ပစ်လိုက်သည်မျိုး မဟုတ်ဘဲ ဥပဒေ၊ အမိန့် ညွှန်ကြားချက်များဖြင့် ရန်သူကို သုတ်သင်ရှင်းလင်းခြင်းမျိုးဖြစ်သည်။
အာဏာသိမ်းခြင်းကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ‘၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်များအား လွှဲပြောင်းရယူခြင်း’ ဟု ဆင်သေကို ဆိတ်ရေဖြင့် ဖုံးခြင်းကိစ္စသည်လည်း ဤသဘောဆန်သည်။ NLD ပါတီကို အလိုအလျောက်ပျက်ပြယ်စေပြီး ရွေးကောက်ပွဲ၀င်ခွင့်မရအောင် ဥပဒေအသစ် ပြန်ဆွဲခြင်းမျိုးမှာလည်း အလားတူပင်ဖြစ်၏။
နောက်ထပ်စဥ်းစားစရာတချက်တွေ့သည်မှာ စစ်ခေါင်းဆောင်၏ ယုံကြည်မှုအချင်းဝက် ကျဥ်းမြောင်းတိုတောင်းသည့်ကိစ္စ ဖြစ်သည်။ NLD ကို သူမကြိုက်သလို NLD ကို အာခံပြီး ခွဲထွက်လာသူများကိုလည်း သူ မကြိုက်သည်လား။ ကိုယ့်မိခင်တပ်ရင်းကို ပုန်ကန်လာသူများကို ယုံကြည်ပေးရန် စစ်တပ်ခေါင်းဆောင်တယောက်အနေနှင့် ခက်ခဲနေမည်လား။
သို့ဆိုလျှင် ဤလူများကို အဘယ်ကြောင့် အာဏာစက်ဝန်းထဲ ထည့်ခဲ့သနည်းဟု မေးရန်ရှိပြန်သည်။ ၂၀၂၁ အာဏာသိမ်းပွဲပြီးနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခန့်အပ်ခွင့်နှင့် ထုတ်ပယ်ခွင့် (power of appointment and aemoval) ရှိသူ တဦးအနေနှင့် သူ၏ တချိန်ကအတိုက်အခံများကို အတွင်းစည်းသို့ ခေါ်ထားနိုင်ခဲ့သည်။ လာမည့် ရွေးကောက်ပွဲအလွန်ကာလကား ထိုသို့မဟုတ်ချေ။ ရွေးကောက်ပွဲရလဒ်အပေါ်မူတည်ပြီး အပေးအယူကိစ္စတွေ (positional bargaining) ရှိလာမည် ဖြစ်သည်။ ထို့ကြောင့် သူအယုံကြည်ဆုံးသူများကို ကြိုတင်နေရာချထားခြင်းနှင့် အတိုက်အခံဖြစ်လာဖွယ်ရှိသည်တို့ကို လက်ဦးမှုရယူထားခြင်းဖြစ်နိုင်သည်။
တပါတီလုံးဖျက်သိမ်းခံရသည့် NDF သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဥ်ပြိုင်မည့်ပါတီ ဖြစ်သည်။ ဥက္ကဋ္ဌ အစွယ်ချိုးခံရသည့် PPP ပါတီသည်လည်း တနိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဥ်ပြိုင်မည့်ပါတီပင် ဖြစ်သည်။ တနိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဥ်ပြိုင်မည့်ပါတီများ၏ ရည်ရွယ်ချက်မှာ လက်တွေ့နိုင်ငံရေးအရ အာဏာရပါတီဖြစ်ရန် ကြိုးစားအားထုတ်ကြခြင်းဖြစ်သည်။ သို့ဆိုလျှင် ယင်းမှာ သမ္မတအိပ်မက်ရှိသည့် စစ်ခေါင်းဆောင်နှင့် ထိပ်တိုက်တွေ့ခြင်းဖြစ်သည်။
ဒေါ်သက်သက်ခိုင်ကို ဦးချိုးပြလိုက်ခြင်းဖြင့် ကျန်ရွေးကောက်ပွဲဝင် အမတ်လောင်းများသည် ကိုယ်ရှိန်သတ်သွားကြသည်။ ဒေါ်သက်သက်ခိုင်သည်လည်း ရွေးကောက်ပွဲဝင်ရဖို့ သူ့အတွက်မည်မျှအရေးကြီးကြောင်းထုတ်ပြောခဲ့ပြီး နောက်ဆုံးကောက်ရိုးတမျှင်အဖြစ် မျှော်လင့်ချက်ထားနေသည်။
စစ်ခေါင်းဆောင်တဦးသည် သူ၏ အတိုက်အခံ/ရန်သူဟု သဘောထားလျှင် တောင်ကုန်းတခုကို သိမ်းယူသလို လက်ဦးမှုရယူမည်သာဖြစ်သည်။ နိုင်ငံရေးကျင့်ဝတ်သိက္ခာအရ စဥ်းစားလိမ့်မည်မဟုတ်ချေ။ ‘ကျနော် ဘာမဆိုလုပ်ရဲတယ်’ဆိုသည့် စကားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းဖို့ ကြိုတင်လေသံပစ်ခဲ့သော စကားဖြစ်သည်။ ပထမဆုံးဝါကျတွင် မေးထားသော မေးခွန်း၏ အဖြေလည်း ဖြစ်သည်။ အာဏာရှင်ဆိုသည်မှာ အတိုက်အခံကိုလည်း နှိပ်ကွပ်၏၊ သစ္စာခံကိုလည်း နှိပ်ကွပ်၏။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အခြေအနေတွေဖန်တီးပိုင်ခွင့်ကို သူ့လက်ထဲတွင်သာ အလုံးစုံထားချင်သူဖြစ်သည်ကို မမေ့သင့်ပေ။
