POV

ရှန်ဟိုင်းပူးပေါင်းအဖွဲ့ (SCO) ဝင်ဖြစ်ရေး စစ်ကော်မရှင်၏ ကြိုးပမ်းမှု – ပြည်တွင်းပြည်ပ သက်ရောက်နိုင်ခြေများ

တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေအတွက်တော့ ဒါဟာ စိန်ခေါ်မှုတရပ် ဖြစ်စေပါတယ်။ တကယ်လို့သာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူတို့ရဲ့ မျှော်မှန်းချက် တောင်းဆိုမှုတွေကို ပိုပြီးအသံမမြှင့်နိုင်ဘူးဆိုရင် စစ်ကော်မရှင်ဟာ SCO ကို အသုံးချပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးလှုပ်ရှားမှုတခုလုံးကိုပါ အကြမ်းဖက်တံဆိပ် ကပ်လာပါလိမ့်မယ်။  အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း အကြမ်းဖက်မှုတွေ ဖြစ်လာမယ်ဆိုပြီး ခြိမ်းခြောက်လာနိုင်ပါတယ်။  
By  သီမာသင်ဂုပ္တ(Seema Sengupta)  | September 5, 2025

မြန်မာနိုင်ငံအနေနဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) မှာ အမြဲတမ်းအဖွဲ့ဝင် ဖြစ်သင့်ပါသလား။ မြန်မာနိုင်ငံဟာ SCO ရဲ့ ဆွေးနွေးဖက်နိုင်ငံအဖြစ် ၂၀၂၃ ခုနှစ်ကတည်းက ပါဝင်လာခဲ့ပါတယ်။ တရုတ်နိုင်ငံ ထျန်ကျင်းမြို့မှာ ကျင်းပတဲ့ SCO အဖွဲ့ရဲ့ ၂၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးအတွင်း စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က မြန်မာနိုင်ငံအနေနဲ့ SCO မှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်လာရေးကို ထောက်ခံမယ်လို့ ကတိပြုခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နရိန္ဒြာမိုဒီကလည်း မြန်မာနိုင်ငံအနေနဲ့ အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာရေးကို အိန္ဒိယက တွန်းအား ပေးထောက်ခံမယ်လို့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

SCO ကို ၂၀၀၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဒေသတွင်းက နိုင်ငံရေးစိန်ခေါ်မှုတွေနဲ့ မဟာဗျူဟာရေးရာစိန်ခေါ်မှုတွေကို ပူးပေါင်းဖြေရှင်းဖို့ ရည်ရွယ်ခဲ့ ပါတယ်။ SCO ရဲ့အဓိကခံယူချက်ဖြစ်တဲ့ ‘ရှန်ဟိုင်းစိတ်ဓာတ်’ ဆိုတာကတော့ အပြန်အလှန်ယုံကြည်မှု၊ အကျိုးဖြစ်ထွန်းမှု၊ တန်းတူညီမျှမှု၊ ညှိနှိုင်းဆွေးနွေးမှု၊ ယဉ်ကျေးမှုကွဲပြားမှုကို လေးစားမှုနဲ့ ဘုံဖွံ့ဖြိုးမှုကို ဦးတည်ရေးတို့ပဲ ဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယရဲ့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူငါးချက်နဲ့လည်း ကိုက်ညီပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ အဆိုအရတော့ SCO အဖွဲ့ဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံတွေအကြား အပြန်အလှန်လေးစားမှုရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုမူတွေနဲ့ နိုင်ငံတကာ ဥပဒေတွေကို အခြေခံပြီး တရားမျှတတဲ့ ဗဟုဝင်ရိုးအခြေပြု ကမ္ဘာ့အစီအစဉ် (world order) တခုကို ဖန်တီးဖို့ သန္နိဋ္ဌာန်ချထားပြီး ကုလသမဂ္ဂကို ဒီကမ္ဘာ့အစီအစဉ်ရဲ့ ဗဟိုချက်အဖြစ် ထားရှိတယ်လို့ ဆိုပါတယ်။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

ဒါပေမဲ့ SCO အဖွဲ့ဝင်နိုင်ငံတွေအဖို့ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေတွေက ဆုံးဖြတ်စရာ အကျပ်ဆိုက်စေပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်ဖွယ် အခြေအနေတွေကြောင့် မြန်မာစစ်ကော်မရှင်ရဲ့ တရားဝင်မှုဟာ နိုင်ငံတကာမှာ အငြင်းပွားဖွယ်ရာ ဖြစ်နေပါတယ်။ ဒါကြောင့် အမြဲတမ်းအဖွဲ့ဝင် ဖြစ်လာခဲ့မယ်ဆိုရင် ဒါဟာ အကျယ်အကျယ် အတော့်ကို အငြင်းပွားဖွယ်ရာကိစ္စ ဖြစ်လာနိုင်ပြီး ဒေသတွင်းတည်ငြိမ်ရေးကို တက်ကြွစွာပါဝင်ဆောင် ရွက်မယ်ဆိုတဲ့ SCO ရဲ့ ရည်မှန်းချက်ကိုပါ ထိခိုက်လာနိုင်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဒီမိုကရေစီလွတ်လပ်ခွင့်ကို ဖိနှိပ်မှုတွေဟာ SCO တည်ထောင်စဉ်ကတည်းက ထားရှိလာတဲ့ မူတွေနဲ့ မကိုက်ညီတာကြောင့် မြန်မာဟာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ဖို့ မသင့်တော်ဘူးဆိုတဲ့ အဆိုတရပ်လည်း ရှိနေပါတယ်။ ပြည်သူလူထု ရွေးကောက်တင်မြှောက်တဲ့ အစိုးရတရပ် မြန်မာပြည်မှာ အာဏာပြန်မရမချင်း မြန်မာ့ပြည်တွင်းပဋိပက္ခတွေဟာ SCO ရဲ့အဓိက ရည်မှန်းချက်ဖြစ်တဲ့ ဒေသတွင်းတည်ငြိမ်ရေးကို ထိခိုက်စေနိုင်ပါတယ်။

မြန်မာ့ပြည်တွင်းပဋိပက္ခတွေကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေဟာ ဒေသတွင်းမှာ ကြီးကြီးမားမားအထိ မဖြစ်သေးပေမဲ့ သိသိသာသာ သက်ရောက်မှု ရှိနေပါတယ်။ အထူးသဖြင့် အိန္ဒိယ၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအနေနဲ့ နယ်စပ်တလျှောက်မှာ ကြုံတွေ့လာရတာပါ။ နေရပ်စွန့်ခွာ ထွက်ပြေးရမှု၊ လက်နက်မှောင်ခို ရောင်းဝယ်မှုနဲ့ ပြောက်ကျားသူပုန် လှုပ်ရှားမှုအချိတ်အဆက်တွေ တိုးပွားဖြစ်ပေါ် နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြိုတင်သတ်မှတ်ချက်မပါဘဲ အမြဲတမ်းအဖွဲ့ဝင်အဖြစ် လက်ခံလိုက်ရင် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြန်လည်ရှင်သန်ရေး နိုင်ငံတကာကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေနိုင်သလို SCO ဟာ စစ်ကော်မရှင်ရဲ့လုပ်ရပ်တွေကို ထောက်ခံနေတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လျစ်လျူရှုနေတယ်လို့ ရှုမြင်ခံရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာဟာ ဆွေးနွေးဖက်နိုင်ငံအဖြစ်သာ ရှိနေဆဲမို့ SCO မှာ မဲပေးပိုင်ခွင့်မရှိပါဘူး။ စီးပွားရေး ဖိုရမ်တွေ၊ မီဒီယာဆက်သွယ်မှုတွေနဲ့ ပြည်သူအချင်းချင်း ဆွေးနွေးပွဲတွေလို သတ်မှတ်ထားတဲ့ပွဲတွေမှာသာ ဖိတ်ကြားခံရပါတယ်။ ဒါပေမဲ့ တရုတ်၊ ရုရှား၊ အိန္ဒိယလို ယူရေးရှားဒေသ အင်အားကြီးနိုင်ငံတွေနဲ့ မြန်မာက ပခုံးချင်းယှဉ်ပြီး ဆက်ဆံခွင့်ရလာရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါသလဲ။ ဒီနိုင်ငံတွေဟာ SCO အတွက် မဟာဗျူဟာအရေးပါမှု၊ စစ်ရေး၊ စီးပွားရေးအင်အားတို့ကို ပေးစွမ်းနိုင်တဲ့ နိုင်ငံတွေပါ။ သံတမန်ရေးရာမှာ သင်္ကေတသဘော (symbolism) ကလည်း စကားပြောပါတယ်။ SCO မှာ မြန်မာ ပါဝင်ခွင့်ရခဲ့မယ်ဆိုရင် မြန်မာဟာ အဖဲကြဉ်ခံ အထီးကျန်နိုင်ငံမဟုတ်ကြောင်း ပြည်တွင်းပြည်ပ ပရိသတ်တွေအတွက် အချက်ပြသင်္ကေတတခု ဖြစ်လာနိုင်ပါတယ်။ အင်အားကြီးနိုင်ငံတွေနဲ့အတူ ထိုင်နိုင်ပြီး အနောက်ကမ္ဘာမဟုတ်တဲ့ ပြင်ပ နိုင်ငံတကာကွန်ရက်တွေထဲ ဝင်ရောက်ခွင့်ရခဲ့တာက မြန်မာနိုင်ငံရဲ့ ရပ်တည်မှုကို တိတ်တဆိတ် ခိုင်မာစေရာ ရောက်ပါတယ်။ ဒါဟာ ပြည်တွင်း အချင်းချင်းတိုက်ခိုက်နေကြတဲ့ ပဋိပက္ခတွေနဲ့ မငြိမ်မသက်မှုတွေကြောင့် ပြိုကွဲနေတဲ့ နိုင်ငံတနိုင်ငံအတွက်တော့ ရုပ်ဝတ္ထုပစ္စည်း ထောက်ပံ့မှုပေးတာနဲ့မခြား တာသွားပါတယ်။ ဒါကြောင့် စီးပွားရေးပြိုလဲမှု၊ ပြည်တွင်းစစ်ပြင်းထန်လာမှုနဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုမိုဆိုးရွားလာနေပေမဲ့ ဒေသဆိုင်ရာ ဖွဲ့စည်းမှုတွေက မြန်မာကို အားဖြည့်ပေးသလို ဖြစ်စေပါမယ်။ အသံတိတ်တိတ်နဲ့ လက်တွေ့ကျစွာ မဟာမိတ်ဖွဲ့ အားပေးသလို ဖြစ်လာပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံအတွက် အဓိကရင်းနှီးမြှုပ်နှံသူ၊ ကုန်သွယ်ဖက်နဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ဆောင်သူကတော့ တရုတ်နိုင်ငံပါ။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံဟာ တရုတ်ရဲ့ ယူနန်ပြည်နယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မေးတင်ထားတဲ့ မြန်မာ့ကမ်းရိုးတန်းအကြား ရုပ်ပိုင်းဆိုင်ရာနဲ့ စီးပွားရေးဆိုင်ရာ အချိတ်အဆက်အဖြစ် ဖန်တီးဖို့ ရည်ရွယ်ထားပြီး မန္တလေးမြို့၊ ရန်ကုန်မြို့နဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့ကို လွှမ်းခြုံထားပါတယ်။ ဒီစင်္ကြံမှာ ရထားလမ်းတွေ၊ ကားလမ်းတွေ၊ ဆိပ်ကမ်းတွေနဲ့ စက်မှုဇုန်တွေလို အရေးပါတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းတွေ ပါဝင်ပါတယ်။ အိန္ဒိယကတော့ မြန်မာနိုင်ငံတွင်း ပြိုကွဲလုလုအနေအထားကြောင့် သူ့ရဲ့မူဝါဒကို ပြန်လည်ချိန်ညှိနေပါတယ်။ နေပြည်တော်နဲ့ ဆက်ဆံနေသလို စစ်ကော်မရှင်ကို ဆန့်ကျင်တိုက်ခိုက်နေပြီး အိန္ဒိယ-မြန်မာနယ်စပ်ဒေသတွေကို ထိန်းချုပ်ထားတဲ့ အင်အားစုတွေနဲ့လည်း ဆက်သွယ်မှု ရှိနေပါတယ်။ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပြီး အပြန်အလှန် ဆက်သွယ်ရေးဟာ အိန္ဒိယနိုင်ငံရဲ့ ‘အရှေ့မျှော်’ မူဝါဒအတွက် အဓိကအုတ်မြစ်ဖြစ်ပြီး မြန်မာနဲ့ ဆက်ဆံရာမှာလည်း ဒီအချက်က ထိန်းညှိပေးပါတယ်။ ဒါပေမဲ့ မဏိပူရကနေ မြန်မာရဲ့ မန္တလေးနဲ့ ပုဂံကိုဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ဆက်သွယ်ထားတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်း၊ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းတွေဟာ လုံခြုံရေးယိုယွင်းလာမှုနဲ့ ပြည်တွင်း မတည်ငြိမ်မှုတွေကြောင့် နှောင့်နှေးကြန့်ကြာနေရပါတယ်။ ရုရှားကလည်း မြန်မာနဲ့ စစ်ရေးဆက်ဆံမှုတွေ ပိုနက်ရှိုင်းလာအောင် လုပ်ဆောင်နေပြီး လက်နက်ရောင်းချမှုနဲ့ သံတမန်ရေးအရ ဆက်သွယ်မှုတွေ ပြုလုပ်နေပါတယ်။

မြန်မာ့တော်လှန်ရေးကို ဦးဆောင်နေတဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေအတွက်တော့ ဒါဟာ စိန်ခေါ်မှုတရပ် ဖြစ်စေပါတယ်။ တကယ်လို့သာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် သူတို့ရဲ့ မျှော်မှန်းချက် တောင်းဆိုမှုတွေကို ပိုပြီးအသံမမြှင့်နိုင်ဘူးဆိုရင် စစ်ကော်မရှင်ဟာ SCO ကို အသုံးချပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တော်လှန်ရေးလှုပ်ရှားမှုတခုလုံးကိုပါ အကြမ်းဖက်တံဆိပ် ကပ်လာပါလိမ့်မယ်။ အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း အကြမ်းဖက်မှုတွေ ဖြစ်လာမယ်ဆိုပြီး ခြိမ်းခြောက်လာနိုင်ပါတယ်။ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုတွေအပေါ် သက်ရောက်မှု ရှိနိုင်ပေမဲ့ SCO က ရှေ့တလှမ်းတိုးပြီး မြန်မာနဲ့ ဆက်ဆံလာတာကို အားပေးသင့်ပါတယ်။ ဘာကြောင့်ဆိုရင် ပြန်လည်သင့်မြတ်ရေးနဲ့ ညှိနှိုင်းဆွေးနွေးရေးအတွက် နိုင်ငံတကာပလက်ဖောင်းတခု ဖြစ်လာနိုင်ပြီး စစ်ကော်မရှင်အနေနဲ့ လူသားချင်းစာနာတဲ့ မူဝါဒတွေ ချမှတ်လာစေဖို့နဲ့ ပိုမိုတာဝန်ယူမှုရှိစေဖို့ ဒီအဖွဲ့ဝင်ထဲက နိုင်ငံကြီးတွေက သြဇာသုံးနိုင်စေမှာမို့ပါ။

ကိုးကားချက်များ

(၁)  https://www.bloomberg.com/news/articles/2025-08-30/china-s-xi-offers-backing-for-myanmar-s-sco-membership-bid

(၂)  https://www.gnlm.com.mm/india-supports-myanmars-sco-entry/

(၃)  https://www.mea.gov.in/uploads/publicationdocs/191_panchsheel.pdf

(၄)  https://www.sb.by/en/putin-sco-is-firmly-committed-to-building-truly-just-and-multipolar-world-order.html

(၅)  https://www.cfr.org/global-conflict-tracker/conflict/rohingya-crisis-myanmar

(၆)  https://egrowfoundation.org/research/cmec-and-its-strategic-implications/

(၇)  https://www.pib.gov.in/Pressreleaseshare.aspx?PRID=1705487

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles