ကချင်ပြည်နယ်ထဲက မြေရှားသတ္တုတွေကို ရယူဖို့အတွက် အမေရိကန်အစိုးရကို စီးပွားရေးလော်ဘီနဲ့ ပညာရှင်တချို့က တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ဒီထဲမှာ မြေရှားသတ္တုတွေကို အိန္ဒိယကို ကြားခံပြီး တင်သွင်းဖို့လည်း ပါပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်ကတဆင့် တရုတ်နဲ့ အိန္ဒိယကို ချိတ်ဆက်ထားတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန် လီဒိုလမ်းမကြီးကို ပြန်လည်ပြုပြင်ဖို့ အိန္ဒိယဘက်ကနေ စစ်ကောင်စီကို ချဥ်းကပ်လာပါတယ်။
ဒီအဆိုပြုချက်တွေကို အကောင်အထည်ဖော်ဖို့အတွက် နိုင်ငံရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ နယ်မြေအခြေအနေအရ အတားအဆီးတွေ အများကြီးပါ။ ဒါတွေကို ကျော်လွှားဖို့အတွက်လည်း နှစ်အနည်းငယ် အချိန်ယူရမှာပါ။ ဒါပေမဲ့ ဒီလိုအတားအဆီးတွေကြောင့် ဒေါ်နယ်ထရမ့်လက်အောက်က အမေရိကန်အဖို့ မြန်မာ့မြေရှားတွေကို မျက်ကွယ်ပြုနိုင်တယ်လို့ ပြောလို့မရပါဘူး။ ဒီလိုကောက်ချက်ချလို့ မရတာက ကချင်ပြည်နယ်ထွက် မြေရှားသတ္တုတွေဟာ အမေရိကန်အပါအဝင် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်မှာ အရေးပါနေတာကြောင့်ပါ။
လက်ရှိအချိန်မှာ မြန်မာ့မြေရှားတွေကို ရယူဖို့ အမေရိကန်နိုင်ငံက ကြိုးပမ်းလာမယ်ဆိုရင် မြန်မာနိုင်ငံအဖို့ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်နိုင်ခြေက ပိုများပါတယ်။
နည်းပညာမြင့်ပစ္စည်းတွေမှာ အသုံးပြုတဲ့ မြေရှားအပါအဝင် ဗျူဟာမြောက်သတ္တုတွေအတွက် လုံခြုံတဲ့ ထောက်ပံ့ရေးကွင်းဆက် ရရှိနိုင်ရေးဟာ နိုင်ငံကြီးတွေရဲ့ လက်ရှိအားပြိုင်မှုအကြား ထိပ်တန်းအရောက်ဆုံး နယ်ပယ်တခုပါ။ ဒီလိုဖြစ်လာတာကလည်း ဗျူဟာမြောက်သတ္တုအများစုရဲ့ ကမ္ဘာ့ထုတ်လုပ်မှု၊ သန့်စင်မှုကို ချုပ်ကိုင်ထားတဲ့ တရုတ်နိုင်ငံက ဒီအားသာချက်ကို သံတမန်ရေး လက်နက်တခုသဖွယ် အသုံးပြုလာတာကြောင့်ပါ။ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် မြေရှားသတ္တုသန့်စင်တဲ့နည်းပညာ၊ အမြဲတမ်းသံလိုက် ထုတ်လုပ်တဲ့နေရာမှာသုံးတဲ့ နည်းပညာနဲ့ မြေရှားသတ္တုတချို့ကို တရုတ်နိုင်ငံက ပြည်ပတင်ပို့ခွင့်ပိတ်ပင်တာ စတဲ့ ကန့်သတ်မှုတွေ လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်းလုပ်တဲ့ တရုတ်-အမေရိကန် ကုန်သွယ်ရေးဆွေးနွေးပွဲတွေမှာ မြေရှားသတ္တုဟာ တရုတ်နိုင်ငံအတွက် အလျှော့အတင်းလုပ်ဖို့ကတ် (bargaining chip) ဖြစ်တာကို တွေ့ရမှာပါ။ ဆွေးနွေးပွဲရလဒ်တွေအရ အကောက်ခွန်တိုးမြှင့်တာတွေကို ဒီနှစ် နိုဝင်ဘာလအထိ ရွှေ့ဆိုင်းထားပြီး တရုတ်နိုင်ငံကလည်း မြေရှားသတ္တုတင်ပို့မှု ကန့်သတ်ထားတာတွေကို ပြန်လည်ဖြေလျှော့ပေးတာ တွေ့ရပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလကျော်ရင် ဘာဆက်ဖြစ်မယ်ဆိုတာ မရေရာသေးပါဘူး။
ဒါကြောင့် မြေရှားထောက်ပံ့ရေးကွင်းဆက်မှာ တရုတ်နိုင်ငံအပေါ် မှီခိုမှုလျှော့ချဖို့က အမေရိကန်အတွက် ဦးစားပေးဖြစ်လာပါတယ်။ အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ကထုတ်တဲ့ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်မှာ အမေရိကန်က မြေရှားသတ္တု ပြည်တွင်းလိုအပ်ချက်ရဲ့ ၈၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းခဲ့ရပါတယ်။ ဒီလိုတင်သွင်းတဲ့အထဲမှာ စျေးကြီးပြီး ပိုရှားပါးတဲ့ dysprosium နဲ့ terbium လို အက်တမ်အလေးချိန် ပိုလေးတဲ့ မြေရှားသတ္တု (Heavy Rare Earths – HREEs) တွေလည်း ပါပါတယ်။ ဒီလို HREEs တွေကို ကမ္ဘာမှာ ပမာဏအများအပြားထုတ်နေတာ လောလောဆယ် တရုတ်နဲ့ မြန်မာနိုင်ငံပဲ ရှိပါတယ်။ ၂၀၂၃ ခုနှစ်မှာ တကမ္ဘာလုံးက dysprosium နဲ့ terbium ထုတ်လုပ်မှုရဲ့ ၅၇ ရာခိုင်နှုန်းက မြန်မာနိုင်ငံကပါ။ နည်းပညာမြင့်ပစ္စည်းတွေနဲ့ အမြဲတမ်းသံလိုက်တွေမှာ ဒီမြေရှားသတ္တုနှစ်မျိုးက မပါမဖြစ်ပါ။
အမေရိကန်အပါအဝင် Quad အဖွဲ့ထဲက မဟာမိတ်တွေဖြစ်တဲ့ ဩစတေးလျနဲ့ အိန္ဒိယနိုင်ငံတွေဟာ မြေရှားထုတ်လုပ်မှု ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေထဲမှာ ပါပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ အက်တမ်အလေးချိန်ပေါ့တဲ့ မြေရှားသတ္တု (Light Rare Earths – LREEs) တွေပဲ အဓိကထွက်တာပါ။ HREEs တွေကို ထုတ်နိုင်ဖို့ လေ့လာဆန်းစစ် တူးဖော်တာတွေ ရှိနေပေမဲ့ ကုန်ကျစရိတ်၊ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ ဥပဒေအတားအဆီးတွေကြောင့် စီးပွားဖြစ်ထုတ်ဖို့ဆို နှစ်အနည်းငယ်ကနေ ဆယ်စုနှစ်တခုထိ ကြာနိုင်ပါတယ်။ ဒါကြောင့် HREEs ကုန်ကြမ်းတွေအတွက် တရုတ်နိုင်ငံအစား မြန်မာဟာ မျက်စိကျစရာပါ။
အမေရိကန်ကိုသာ တင်ပို့နိုင်ရင် လက်ရှိမှာ တရုတ်နိုင်ငံစျေးကွက်ကိုပဲ မှီခိုနေရတဲ့ မြန်မာ့မြေရှားသတ္တုတွေ စျေးပိုရနိုင်မယ်၊ ကချင်ပြည်နယ်က မြေရှားသတ္တုတွင်းတွေကို ထိန်းချုပ်ထားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) လို တော်လှန်ရေးအဖွဲ့တွေအတွက် တရုတ်နိုင်ငံကို မှီခိုရတာ လျှော့နိုင်မယ်လို့ ယူဆကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ အကိုင်အတွယ် မတတ်ရင် အင်အားကြီး နိုင်ငံနှစ်ခုအကြား မြေစာပင် ဖြစ်နိုင်ခြေကိုလည်း သတိချပ်ရမှာပါ။ သူ့နိုင်ငံရဲ့နယ်စပ်မှာ အနောက်နိုင်ငံတွေ ရောက်လာမှာကို တရုတ်နိုင်ငံက ကြိုက်မှာမဟုတ်ပါဘူး။ အာဏာမသိမ်းခင်ကာလ မြန်မာ-တရုတ်နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ငြိမ်းချမ်းရေးကိစ္စမှာလည်း အနောက်နိုင်ငံတွေ ပါဝင်တာကို တရုတ်နိုင်ငံက တုံ့ပြန်ခဲ့တာ တွေ့ရမှာပါ။ အကျိုးဆက်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိအားပေးတာနဲ့ သူ့ဩဇာစက်ဝန်းအောက် ပိုသွင်းတာတွေ လုပ်ခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ မြေရှားတူးဖော်တာတွေကို မူဝါဒ၊ ဥပဒေတွေနဲ့ ကြပ်ကြပ်မတ်မတ် မလုပ်နိုင်သေးပါဘူး။ နိုင်ငံကလည်း အဘက်ဘက် အင်အားချည့်နဲ့နေတာပါ။ ဒီအခြေအနေမှာ အင်အားကြီးနိုင်ငံနှစ်ခုကြား ချိန်ခွင်လွှာညှိပြီး ကိုယ့်အတွက်အမြတ်ထုတ်ဖို့ဆိုတာက ခက်ပါတယ်။ လက်ရှိအချိန်မှာ မူဝါဒနဲ့ ဥပဒေတွေချမှတ်ပြီး မြေရှားတူးဖော်မှုတွေ စနစ်တကျဖြစ်ဖို့၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချနိုင်ဖို့ကိုသာ အာရုံစိုက်သင့်ပါတယ်။ မြေရှားအရေးမှာ နိုင်ငံကြီးနှစ်ခုရဲ့ အရိပ်အကဲ၊ ပထဝီနိုင်ငံရေးရေချိန်နဲ့ နိုင်ငံ့ကိုယ်ခံအား စတဲ့အချက်တွေကို ထည့်သွင်းစဥ်းစားမှုမရှိရင် အင်အားကြီးနိုင်ငံတွေရဲ့ သူနိုင်ကိုယ်နိုင် အသာရဖို့ကြိုးစားတဲ့ ကစားပွဲမှာ ကိုယ်ဟာ အစားခံ နယ်ရုပ်သာသာဖြစ်သွားနိုင်တာကို သတိပြုသင့်ပါတယ်။
ကျမ်းကိုးစာရင်း
Adamas Intelligence. (2024). Rare Earth Magnet Market Outlook to 2040. Retrieved from
https://www.adamasintel.com/rare-earth/rare-earth-magnet-market-outlook-to-2040/
U.S. Geological Survey. (2025). MINERAL COMMODITY SUMMARIES 2025 (p. 23). Retrieved from https://pubs.usgs.gov/periodicals/mcs2025/mcs2025.pdf
