POV

စစ်ကောင်စီမှသည် စစ်ကော်မရှင်သို့ – စစ်ခေါင်းဆောင်၏ အာဏာကစားပွဲ

By  မောင်ရာဇ  | August 1, 2025

စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီး လေးနှစ်ခွဲအကြာမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ)ဆိုတဲ့နာမည်ကို အဆုံးသတ်လိုက်ပြီး နာမည်သစ်နဲ့ ပြန်လည်ဖွဲ့စည်းလိုက်ပါပြီ။  ဒါကတော့ ‘နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်’ဆိုတာပါပဲ။ သူ့ကိုလည်း အရင်အတိုင်းပဲ စစ်ကော်မရှင်လို့ ခေါ်နေကြပါတယ်။ တခါ ကာလုံအတွက် ရာထူးအသစ်ဖန်တီးခန့်ထားလိုက်ပြန်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပြုပြင်ပြောင်းလဲဖို့ တိုက်တွန်းသံတွေ တော်လှန်ရေးအင်အားစုတွေအကြား  ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ချိန်မှာ စစ်ကောင်စီက အပြောင်းအလဲကို အရင်လုပ်လိုက်တာပါ။ ဒါဟာ သူစီစဉ်ထားတဲ့ အချိန်ဇယားအရလို့လည်း ယူဆနိုင်ပါတယ်။​ 

စစ်ကောင်စီရဲ့ အခုအပြောင်းအလဲဟာ ရွေးကောက်ပွဲကို စိတ်တိုင်းကျ ကျင်းပနိုင်ဖို့နဲ့ ရွေးကောက်ပွဲအလွန် အာဏာဆက်ကိုင်ထားနိုင်ဖို့အတွက် စနစ်တကျ ပြင်ထားတာကို မြင်ရပါတယ်။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

ကာလုံလို့ အတိုကောက်ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာသုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးတွေကို ပြန်အပ်လိုက်ပြီလို့ ဆိုပါတယ်။ ဒီပြောင်းလဲလိုက်တဲ့ ပုံစံအသစ်ကို လည်ပတ်ဖို့ ယန္တရားလေးခု ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရတော့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့က ကာလုံပါ။ ပြီးရင်တော့ အသစ်ခန့်အပ်လိုက်တဲ့ ကာလုံရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ တွဲဖက်အမှုဆောင်အရာရှိချုပ်တို့ ရှိပါမယ်။ ဒီယန္တရားနှစ်ခုရဲ့ အောက်မှာတော့ စစ်ခေါင်းဆောင် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ စစ်ကော်မရှင် ရှိပါမယ်။ ဒါပြီးမှ အရပ်သားတွေပါတဲ့ အစိုးရအဖွဲ့ပါ။​ ဒါတွေဟာ အခုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ပုံစံဖြစ်ပါတယ်။​

ဒါပေမဲ့ အာဏာရှင်စနစ်တွေမှာ အဖွဲ့အစည်းတွေ၊ ရာထူးတွေ၊ လုပ်ပိုင်ခွင့်တွေဆိုတာ ‘မင်းခယောက်ျား ကမ်းနားသစ်ပင်’လိုပဲ မတည်မြဲပါဘူး။ အကုန်လုံးဟာ အာဏာရှင်တဦးတည်းဆီကနေ စီးဆင်းပါတယ်။ အရင် စစ်ကောင်စီဆိုတဲ့ နာမည်နဲ့တုန်းကလည်း စစ်သားတဝက်၊ အရပ်သားတဝက် ဖွဲ့ခဲ့ပေမဲ့ အရပ်သားကောင်စီဝင်တွေအနေနဲ့ ရုပ်လုံးပြရရုံထက် မပိုခဲ့ပါဘူး။ အားကစားရာသီဆို လမ်းလျှောက်ပွဲပါတာနဲ့ ဖွင့်ပွဲတွေမှာ ဖဲကြိုးဖြတ်ရတာလောက်ပါပဲ။ စစ်ခေါင်းဆောင်နဲ့ အငြင်းပွားလို့ ဖယ်ရှားခံရတဲ့ ကောင်စီဝင်တွေလည်း ရှိခဲ့ပါသေးတယ်။ ဒါကြောင့် အာဏာရဲ့ ဗဟိုချက်ကို ဦးတည်ပြီး ကြည့်မြင်ဖို့ လိုပါတယ်။​ အရင်က ကာလုံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတွေအပါအဝင် အရပ်သားတဝက်ပါခဲ့ပေမဲ့  အားလုံးနီးပါးကို ဖမ်းထား၊ ဖယ်ရှားထားပြီးဖြစ်လို့ စစ်ခေါင်းဆောင်ကပဲ အာဏာရဲ့ ဗဟိုချက်မှာ ဆက်ရှိနေပါတယ်။

အခုဖွဲ့လိုက်တဲ့ စစ်ကော်မရှင်ဟာလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလွဲလို့ ကာလုံထဲကလူတွေနဲ့ပဲ ဖွဲ့စည်းထားတာဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာ အမြင့်ဆုံးမှာ ရှိပါမယ်။ စစ်ခေါင်းဆောင်ဟာ ကာလုံမှာ တရားဝင်မပါနိုင်တဲ့ သူ့လက်ရုံးတွေကို ဒီကော်မရှင်မှာ ထပ်ဖြည့်ထားပါသေးတယ်။ တနှစ်နီးပါးပဲ တရားဝင်ရှိမယ့် ကော်မရှင်ဖြစ်လို့  ‘ဗောင်းတော်ငြိမ့် စိတ်တော်သိ’မယ့် ဗိုလ်ချုပ်ကြီးတွေနဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေကိုပဲ ထည့်ထားတာတွေ့ရပြီး အရင်လို သူ့ကို ပြန်ငြင်းခုံမယ့် အရပ်သားတွေကို မထည့်တော့ဘဲ ဗဟိုအကြံပေးအဖွဲ့ဆိုပြီး ဘေးကို ပို့လိုက်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအပြီး အာဏာမလွှဲခင်အထိ ဒီကော်မရှင်ကပဲ အာဏာရှင်ယန္တရားကို ဦးဆောင်လည်ပတ်မှာပါ။

စစ်ခေါင်းဆောင်မှာ စစ်တပ်ထိန်းချုပ်မှုအောက်က မြို့နယ်တွေမှာ ရွေးကောက်ပွဲလုပ်ပြီး အာဏာဆက်ယူဖို့နဲ့ လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေ ပြန်ရရှိရေးဆိုတဲ့ အဓိကရည်မှန်းချက် နှစ်ခုပဲ ရှိပါတယ်။ စစ်ကော်မရှင်နဲ့ ကာလုံရုံး အမှုဆောင်အရာရှိချုပ်တွေက ပထမရည်မှန်းချက်ကို အကောင်အထည်ဖော်ကြမှာပါ။ တခါ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို အရေးပေါ်အခြေအနေ ကြေညာကာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြီး စစ်တိုင်းမှူးတွေရဲ့ လက်ကို အာဏာအပ်လိုက်ပါပြီ။ ဒါက ဒုတိယရည်မှန်းချက်အတွက် ပြင်ဆင်တာပါ။ အခုအပြောင်းအလဲမှာ စီနီယာ ဗိုလ်ချုပ်ကြီးတချို့ကိုလည်း အနားပေးလိုက်တာကြောင့် အငယ်စစ်ဗိုလ်ချုပ်တွေက ဦးဆောင်ပြီး ဒီစစ်အုပ်ချုပ်ရေး မြို့နယ်တွေမှာ ထိုးစစ်တွေ လုပ်လာကြပါလိမ့်မယ်။ 

စစ်ခေါင်းဆောင်က သူ့ရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ စစ်ရေးရည်မှန်းချက်အတွက် စနစ်တကျ ပြင်ဆင်လာတဲ့သဘောပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝတွေအပေါ် သက်ရောက်မယ့် အစိုးရဝန်ကြီးဌာနတွေကိုတော့ ဖြစ်သလိုပဲ ဖွဲ့စည်းလိုက်တာ တွေ့ရပါတယ်။ ပြီးတော့ ကမောက်ကမလည်း ဆန်ပါတယ်။ ပညာရေးဝန်ကြီးဌာနဟာ ပြည်ထောင်စုအစိုးရအဖွဲ့မှာ ပါမလာခဲ့ဘဲ နောက်မှ အမိန့်ကြေညာချက်ထုတ်ပြီး ဆွဲထည့်ပါတယ်။  လုပ်လို၊ မလုပ်လို သဘောထားကြိုမမေးဘဲ ချင်းတိုင်းရင်းသား ပူဂင့်ကမ်းလျန်ကို ကောင်စီဝင်အဖြစ် ထည့်လိုက်လို့  အငြင်းခံရပြီး အရှက်တကွဲ ဖြစ်ခဲ့ဖူးတာကြောင့် လက်ခံမယ့်သူလိုက်ရှာနေရလို့ ကြန့်ကြာသွားတာလည်း ဖြစ်နိုင်ပါတယ်။ အခုဟာကလည်း ‘လူတိုင်း ဝန်ကြီးဖြစ်ဖူးစေရမည်’လို့ ဆိုရလောက်အောင် နေရာအပြောင်းအရွှေ့လုပ်၊ သစ္စာခံတွေကို ဝန်ကြီးနေရာ အလှည့်ကျပေးတာထက် မပိုပါဘူး။

ဘာပဲပြောပြော စစ်ကောင်စီကတော့ သူ့အာဏာတည်မြဲရေးအတွက် ခြေတလှမ်းထပ်လှမ်းလိုက်ပါပြီ။ အတိုက်အခံတော်လှန်ရေးအစိုးရ NUG ဘက်ကရော။ ဒီမိုကရေစီရေးအင်အားစုတွေ တောင်းဆိုသလို ပြုပြင်ပြောင်းလဲမှုမျိုး မမြင်ရသေးပါဘူး။ ဒီနေ့ NUG နဲ့ မနက်ဖြန် NUG ပိုသာစေရမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပဲ ပြိုင်နေလို့ မရပါဘူး။ ဒီနေ့ NUG ထက် မနက်ဖြန် NUG မသာရင် နစ်နာမှာက NUG တခုတည်း မဟုတ်ဘဲ စစ်တပ်ရဲ့ ဖိနှိပ်ရေးယန္တရားအောက်က ပြည်သူတွေက ပိုခံစားကြရမှာပါ။ ဒီတော်လှန်ရေးက စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေအကြားက ပြိုင်ပွဲပါ။ ပြိုင်ပွဲကို အနိုင်ရဖို့ ပြိုင်ဘက်ထက် နှာတဖျားသာနေဖို့ လိုပါတယ်။ မသာတဲ့အပြင် နောက်ကျနေရင်တော့ နိုင်ဖို့ခက်ပါတယ်။ NUG အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေ စစ်ဖြစ်နေချိန်မှာ အချိန်မဆိုင်းတဲ့ တုံ့ပြန်မှု (prompt reaction) လုပ်တာကို တွေ့ရပေမဲ့ စစ်ကောင်စီအပြောင်းအလဲကိုတော့ မဟာဗျူဟာခဏထား တုံ့ပြန်တာ (reaction) မျိုးတောင် မတွေ့ရသေးပါဘူး။

စစ်ခေါင်းဆောင်ဟာ ဘယ်နည်းနဲ့မဆို ရွေးကောက်ပွဲ ဖြစ်မြောက်ရေးနဲ့ အာဏာဆက်တည်မြဲရေးကို အကွက်ချ လုပ်ဆောင်နေပြီဖြစ်လို့ NUG အပြင် တခြားတော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တာထက်ပိုတဲ့ မဟာဗျူဟာတွေ ရှိဖို့လိုလာပါပြီ။ ‘မဲသွားပေးသူ တို့ရန်သူ’ ဆိုတဲ့ ဗျူဟာလောက်က အဖြေမဟုတ်တော့ပါဘူး။ တော်လှန်ရေးအင်အားစုအားလုံးက ကိုယ့်ဒေသထက် နိုင်ငံတခုလုံးခြုံတဲ့ ဘုံရည်မှန်းချက် တခုတည်းအတွက် စစ်တပ်ကို ဘက်ပေါင်းစုံကနေ ညီညီညွတ်ညွတ် ဖိအားပေးတဲ့ မဟာဗျူဟာမျိုး ဖြစ်သင့်ပါတယ်။ ဒီမဟာဗျူဟာကလည်း နေပြည်တော်မှာဖြစ်နေတဲ့ အပြောင်းအလဲတွေကို တနည်းနည်းနဲ့ သက်ရောက်တာမျိုးလည်း ဖြစ်သင့်ပါတယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles