ချင်းမိုင်ဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် အပန်းဖြေလည်ပတ်စရာ သုခဘုံမြို့တော်တခုဖြစ်ပေမဲ့ စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့နဲ့ တခြားစိုးရိမ်စရာအခြေအနေတွေကြောင့် အရေးပေါ်ပြောင်းရွှေ့လာကြရတဲ့ မြန်မာနိုင်ငံသား လူငယ်များစွာအတွက်တော့ အဲဒီလိုမဟုတ်မနေပါဘူး။
အလုပ်လုပ်ကိုင်ခွင့် (work permit) အထောက်အထားမရှိတာနဲ့ ရေရှည်နေထိုင်ခွင့်ဗီဇာ ဒါမှမဟုတ် ပန်းရောင်ကတ်လုပ်ဖို့ စတဲ့ အခက်အခဲများစွာ ရှိနေတာပါ။ ဒါ့အပြင် အလုပ်အကိုင်ရှားပါးမှုနဲ့ ဘဝရပ်တည်ရေးကတော့ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေ ရှိနေကြပါတယ်။
ဒီလိုအခြေအနေမှာ လူငယ်အများစုဟာ လူမှုကွန်ရက်ပေါ်က အလုပ်အကိုင်ရှာဖွေရေးစာမျက်နှာတွေမှာ အလုပ်ရှာကြပါတော့တယ်။ အထူးသဖြင့် အင်္ဂလိပ်စကားပြောဆိုနိုင်ရင် လျှောက်ထားနိုင်တဲ့ အလုပ်တွေကို အဓိကထား ရှာဖွေကြပါတယ်။ ထိုင်းနိုင်ငံသားအများစု မလုပ်ကိုင်လိုတဲ့ ‘ကော်ဆန်’ (ခေါ်) ပင်ပန်းကြမ်းတမ်းတဲ့ အလုပ်အကိုင်တွေ ရှိပေမဲ့ လုပ်ငန်းခွင် ဘေးကင်းမှု မရှိတာ၊ လုပ်အားခ ခေါင်းပုံဖြတ်တာ၊ လုပ်ကိုင်ဖူးတဲ့ အတွေ့အကြုံမရှိတာ စတဲ့ အကြောင်းရင်းအမျိုးမျိုးကြောင့် ဒီလုပ်ငန်းတွေမှာ ရေရှည်လုပ်ကိုင်ဖို့ မလွယ်ကူကြပါဘူး။
အောင်နိုင် (အမည်လွှဲ) ဟာ ၂၀၂၅ ခုနှစ်မှာ စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့ ထိုင်းနိုင်ငံကို ရောက်ရှိလာသူပါ။ သူဟာ Facebook အလုပ်ရှာဖွေရေးဂရုတခုမှာ တင်ထားတဲ့ ‘Customer Service Representative’ အလုပ်ကြော်ငြာကို ဆက်သွယ်မိရာက ကျားဖြန့်ဂိုဏ်းတခုရဲ့ သားကောင်ဖြစ်မယ့်ဘေးကို ရင်ဆိုင်ခဲ့ရတာပါ။
ဆွဲဆောင်မှုရှိသော အလုပ်ကြော်ငြာ
အဲဒီအလုပ်ကြော်ငြာမှာ အလုပ်လိုအပ်နေတဲ့ လူငယ်တွေအတွက် အလွန်ဆွဲဆောင်မှုရှိတဲ့ အချက်တွေ ပါဝင်နေပါတယ်။ ပထမဆုံးဆွဲဆောင်ချက်ကတော့ မြင့်မားတဲ့ လစာဖြစ်ပါတယ်။ လစဉ် ဘတ်သုံးသောင်းဝန်းကျင်နဲ့ အပိုဆုကြေးတွေဖြစ်ပါတယ်။ လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်နိုင်ပါက အပိုဆုကြေးအဖြစ် ကော်မရှင်ပါ ခံစားခွင့်ရှိမည်လို့ ကြော်ငြာထားပါတယ်။
ဒုတိယအချက်ကတော့ အချိန်ပိုင်းလုပ်ကိုင်နိုင်ခြင်း ဖြစ်ပါတယ်။ အွန်လိုင်းကနေပဲ တရက် လေးနာရီကနေ ငါးနာရီလောက်ပဲ လုပ်ဖို့လိုအပ်တယ်လို့ ဖော်ပြထားတာကြောင့် လူငယ်များစွာကို ဖမ်းစားနိုင်ပါတယ်။ ဒါ့အပြင် အတွေ့အကြုံမလိုအပ်သလို အသက် ၁၈ နှစ်ကနေ ၆၀ နှစ်အတွင်း ဘယ်သူမဆို လျှောက်ထားနိုင်တယ်လို့ အလုပ်ခေါ်စာက အယုံသွင်းထားတာပါ။
သံသယဖြစ်ဖွယ်ရာ အချက်များ
အောင်နိုင်ဟာ အင်တာဗျူးအတွက် ဆက်သွယ်တဲ့အခါ သံသယဖြစ်ဖွယ် အခြေအနေတွေကို သတိထားမိခဲ့တယ်။ အလုပ်ခေါ်သူကို တယ်လီဂရမ်ကတဆင့်သာ ဆက်သွယ်ခဲ့ရပြီး လုပ်ငန်းရှင်ဘက်က လုပ်ငန်းအကြောင်း ရှင်းရှင်းလင်းလင်း မပြော။ ဝေဝါးနေတယ်။ အလုပ်လျှောက်တဲ့ လုပ်ငန်းစဉ်အစမှာပဲ ပတ်စ်ပို့၊ Facebook ပရိုဖိုင်နဲ့ ကိုယ်ရေးကိုယ်တာပုံတွေကို တောင်းခံခဲ့တယ်။
အင်တာဗျူးကို ချင်းမိုင်မြို့စွန် လူနေရပ်ကွက်တခုက အခန်းတခန်းမှာ ပြုလုပ်ခဲ့ပါတယ်။ အခန်းဟာ ရုံးခန်းတခုရဲ့ အသွင်အပြင် လုံးဝမရှိပါဘူး။ ဒီအခြေအနေတွေအပေါ် သံသယဝင်လာတဲ့ အောင်နိုင်ဟာ အမြန်ဆုံး ပြန်လည်ထွက်ခွာခဲ့တာကြောင့် နောက်ဆက်တွဲအန္တရာယ်တွေကနေ လွတ်မြောက်ခဲ့ပါတယ်။
လှည့်ဖြားမှုများ၏ အဓိကလက္ခဏာများ
အလုပ်ကြော်ငြာတွေမှာ ‘လစာအလွန်ကောင်းသည်’၊ ‘အတွေ့အကြုံမလို’၊ ‘အချိန်ပိုင်းလုပ်ကိုင်နိုင်သည်’ စတဲ့ မက်လုံးတွေပါ။ ဥပမာ “Remote Chatter Wanted – Work From Home. Weekly payouts, no experience required!” စတဲ့ စကားစုတွေပါဝင်တဲ့ အလုပ်ကြော်ငြာတွေမှာ ထိုင်းနိုင်ငံရဲ့ ပျမ်းမျှနေ့စားလုပ်ခထက်တောင် အဆများစွာ ပိုမြင့်နေတတ်တာမို့ သံသယဝင်စရာ ဖြစ်ပါတယ်။
ပြီးတော့ ကိုယ်ရေးကိုယ်တာ အချက်အလက်အများအပြား တောင်းခံတာ ဖြစ်ပါတယ်။ အလုပ်မခန့်ခင်ကတည်းက Facebook၊ Gmail စတဲ့ လူမှုကွန်ရက် Password တွေ၊ မှတ်ပုံတင်နံပါတ်နဲ့ ဘဏ်အချက်အလက်တွေ တောင်းလေ့ရှိပါတယ်။ ဒါ့အပြင် တရားဝင် ရုံးခန်းလိပ်စာမရှိဘဲ Telegram WhatsApp လို လူမှုကွန်ရက်များမှတကနေပဲ ဆက်သွယ်ခိုင်းတာ၊ အင်တာဗျူးရမယ့်နေရာ မရှင်းလင်းတာ၊ ကုမ္ပဏီအမည်၊ လိပ်စာ၊ လုပ်ငန်းသဘာဝတွေကို တိတိကျကျမပြောနိုင်တာတွေ ဖြစ်ပါတယ်။ “Online Customer Service” ဒါမှမဟုတ် “Chatter” လို့ပဲ ယေဘုယျပြောလေ့ရှိပါတယ်။
လှည့်ဖြားမှုများမှ ကာကွယ်နည်းများ
အရင်ဆုံးတော့ ‘အလွန်ကောင်းလွန်းနေရင် မမှန်နိုင်’ ဆိုတဲ့ စကားကို သတိပြုစရာပါ။ မယုံနိုင်လောက်အောင် ကောင်းနေတဲ့ အခွင့်အရေးတွေဟာ သကာလောင်းထားတဲ့ ထောင်ချောက်တွေ ဖြစ်နေနိုင်ပါတယ်။ နောက်တခါ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ Password တွေ၊ ဘဏ်အကောင့်အချက်အလက်တွေကို ပေးရတော့မယ်ဆိုရင် သတိပြုဖို့ လိုပါမယ်။ ဒါဟာ ကိုယ်ရေးအချက်အလက် ခိုးယူဖို့ ဒါမှမဟုတ် ကိုယ့်အကောင့်ကို အသုံးပြုပြီး တခြားသူတွေကို ဆက်လက်လှည့်ဖြားဖို့ ဖြစ်နိုင်ပါတယ်။ လုပ်ရမယ့်အလုပ်နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မပြောဘဲ အမြန်ဆုံးလာရောက်ဖို့ တိုက်တွန်းနေပြီဆိုရင်တော့ အထူးသတိပြုဖို့လိုပါပြီ။
ရုံးခန်းတည်နေရာကို ကြိုတင်စစ်ဆေးတာနဲ့ တခြားသူတွေရဲ့ အတွေ့အကြုံတွေ လေ့လာတာတွေ လုပ်သင့်သလို အလုပ်ခေါ်တဲ့ ကုမ္ပဏီ ဒါမှမဟုတ် လူပုဂ္ဂိုလ်အကြောင်းကို အင်တာနက်ပေါ်မှာ ရှာဖွေဖတ်ရှုတာမျိုးလည်း လုပ်သင့်ပါတယ်။
နောက်တခါ အလုပ်ရှာဖွေတဲ့အခါမှာ အစိုးရအသိအမှတ်ပြု အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေလို တရားဝင်လမ်းကြောင်းတွေ ဒါမှမဟုတ် နာမည်ရ အလုပ်ရှာဖွေရေးဝက်ဘ်ဆိုက်တွေကနေပဲ ရှာဖွေသင့်ပါတယ်။ နောက်ပြီး အလုပ်ခေါ်သူရဲ့ လူမှုကွန်ရက်အကောင့်ကို စစ်ဆေးဖို့လည်း လိုပါတယ်။ အကောင့်က အစစ်လား၊ အတုလား၊ ဖွင့်ထားတာ ကြာပြီလား၊ အခုမှဖွင့်ထားတဲ့ အသစ်လား စသည်ဖြင့် အကဲဖြတ်ကြည့်နိုင်ပါတယ်။
ထိုင်းနိုင်ငံရောက်မြန်မာလူငယ်များအနေနဲ့ အွန်လိုင်းပေါ်က အလုပ်ကြော်ငြာတွေကို သတိကြီးစွာဖြင့် ချဉ်းကပ်နိုင်ကြဖို့နဲ့ လှည့်ဖြားမှုအန္တရာယ်ကနေ ရှောင်ရှားနိုင်ကြပါစေ။
