POV

မြန်မာ့အရေး အမေရိကန်-ဘင်္ဂလားဒေ့ရှ် မဟာဗျူဟာနှင့် အိန္ဒိယနိုင်ငံအပေါ် သက်ရောက်မှုများ

စိတ်ဝင်စားစရာကောင်းတာက အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်ကို နောက်ခံထားပြီး မြန်မာနိုင်ငံအတွင်းမှာ လျှို့ဝှက်စစ်ဆင်ရေး ပြုလုပ်ဖို့ တိတ်တဆိတ်လုပ်ဆောင်နေခဲ့တာပါ။ အမေရိကန်အရာရှိတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။
By  သီမာသင်ဂုပ္တ(Seema Sengupta)  | October 21, 2025

[သီမာသင်ဂုပ္တ (Seema Sengupta) သည် ကာလကတ္တားအခြေစိုက် သတင်းစာဆရာနှင့် ကော်လံရေးသူတဦး ဖြစ်သည်။ ယခုဆောင်းပါးမှာ Seema Sengupta ပေးပို့လာသော“US-BANGLADESH STRATEGIC COLLABORATION ON MYANMAR AND ITS IMPLICATIONS FOR INDIA” ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်စွာ ပြန်ဆိုထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်]

မြန်မာ့ပဋိပက္ခအတွက် အမေရိကန်ရဲ့ အစီအမံ ပြိုကွဲပျက်ပြားနေပြီလား။ စက်တင်ဘာ ၂၇ ရက်မှာ အာရက္ခတပ်တော် (AA) ရဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ဟာ ရိုဟင်ဂျာစစ်သွေးကြွအဖွဲ့တွေဖြစ်တဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တို့ကို တိတ်တဆိတ် ထောက်ပံ့နေတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ULA က စွပ်စွဲပြောဆိုထားပါတယ်1။ စစ်ကော်မရှင်ထောက်ပံ့ထားတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေဟာ AA စစ်စခန်းတွေကို ဒရုန်းနဲ့ စောင့်ကြည့်တာ၊ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ပိတ်ဆို့တာနဲ့ ချောင်းမြောင်းတိုက်ခိုက်တာတွေ လုပ်နေတယ်လို့လည်း ULA က ဆိုထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေကို ထောက်ပံ့နေတဲ့ အရာရှိတွေကို အရေးယူဖို့ တိုက်တွန်းထားပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း ဒီအခြေအနေကို အနီးကပ်စောင့်ကြည့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

စိတ်ဝင်စားစရာကောင်းတာက အမေရိကန်ဟာ ဘင်္ဂလားဒေ့ရှ်ကို နောက်ခံထားပြီး မြန်မာနိုင်ငံအတွင်းမှာ လျှို့ဝှက်စစ်ဆင်ရေး ပြုလုပ်ဖို့ တိတ်တဆိတ်လုပ်ဆောင်နေခဲ့တာပါ2။ အမေရိကန်အရာရှိတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ အာရက္ခတပ်တော် (AA) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါဟာ ဒီဇင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင် ရခိုင်ပြည်နယ်နဲ့ အခြားဒေသတွေမှာ ဖြန့်ကြက်ထားတဲ့ စစ်ကော်မရှင်ကို ရင်ဆိုင်ရေးမဟာဗျူဟာရဲ့ အစိတ်အပိုင်းတရပ် ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်စစ်တပ်အနေနဲ့ ကော့ဘဇား (Cox Bazar) မှာရှိတဲ့ တက္ကနပ်ဖ် (Teknaf) အနီးက စစ်စခန်းသစ်ကို အသုံးပြုပြီး ရိက္ခာထောက်ပံ့ရေးနဲ့ နယ်မြေစိုးမိုးနိုင်ရေးအတွက် မောင်းသူမဲ့ လေယာဉ်တွေနဲ့ လှုပ်ရှားလည်ပတ်ရေးကို လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် ၂၀၂၅ ခုနှစ် မတ်လတုန်းက ဒါကာမြို့ (Dhaka) အနီးက နရာယွန်ဂွန်မြို့ (Narayanganj) မှာ အဖော်ကိုးဦးနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ ARSA ခေါင်းဆောင် အာတာအူလ္လာ (Ataullah) ကို မြန်မာစစ်တပ်အပေါ် ဆန့်ကျင်တော်လှန်ရေးမှာ ပါဝင်လာအောင် စည်းရုံးဖို့ အထူးတလည် ကြိုးပမ်းခဲ့ကြပါတယ်။ တကယ်တော့ ဒေါက်တာမိုဟာမက်ယူနွတ်စ် (Muhammad Yunus) ဦးဆောင်တဲ့ ကြားဖြတ်အစိုးရဟာ စစ်ရေးရည်မှန်းချက်အောင်မြင်တာနဲ့ ရိုဟင်ဂျာဒုက္ခသည် ၈၀,၀၀၀ လောက်ကို ရခိုင်ပြည်နယ်ထဲက နေရပ်တွေဆီပြန်ပို့ဖို့ စာရင်းပြုစုနေပြီ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံနဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးဟာ ရှုပ်ထွေးတဲ့အဆင့်တခုကို ဖြတ်သန်းနေရပါတယ်။ သွေးထွက်သံယိုများတဲ့ မြန်မာ့ပြည်တွင်းစစ်ဟာ အဆုံးအဖြတ်ပေးမယ့် အဆင့်ကို ရောက်ရှိနေပါပြီ။ စစ်ကော်မရှင်ရော၊ မြန်မာ့အတိုက်အခံနိုင်ငံရေးအင်အားစုတွေပါ ဝါရှင်တန်ကို စည်းရုံးနေကြပါတယ်။ တဖက်မှာလည်း အမေရိကန်ဟာ မြန်မာနိုင်ငံကို ‘ရန်လိုတဲ့နိုင်ငံ’အဖြစ် အမြဲတမ်းယူဆခဲ့တာတော့ မဟုတ်ပါဘူး။ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ စစ်တပ်အာဏာသိမ်းပြီး ‘မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်’အကောင်အထည်ဖော်တုန်းကတောင် အမေရိကန်နဲ့ မြန်မာအကြား နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခဲ့ပါတယ်။ မြန်မာအစိုးရဟာ ဆိုဗီယက်နဲ့ တရုတ်တို့ အင်ဒိုချိုင်းနားဒေသအတွင်းကို ထိုးဖောက်ဝင်ရောက်နေတဲ့ အဲဒီကာလမှာ ဘက်မလိုက်ရေးဝါဒကို စွဲကိုင်ပြီး ဝါရှင်တန်နဲ့ နွေးထွေးတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး နှိမ်နင်းရေးနဲ့ ဘိန်းစိုက်ခင်းဖျက်ဆီးရေးအတွက် အမေရိကန်ဟာ မြန်မာစစ်တပ်ကို ရဟတ်ယာဉ်တွေ ထောက်ပံ့ပေးခဲ့သလို ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု ချုပ်ငြိမ်းဖို့ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ထောက်ခံခဲ့ပါတယ်3

တကယ်တော့ လက်တင်အမေရိကနိုင်ငံတွေမှာ အမေရိကန်အားပေးအားမြှောက်ပြုတဲ့ အာဏာသိမ်းမှုတွေလည်း ရှိခဲ့တဲ့အတွက် မြန်မာစစ်ခေါင်းဆောင်ပိုင်းဟာ ဝါရှင်တန်ဆီကနေ အလားတူ အားပေးအားမြှောက်ပြု ထောက်ခံမှုမျိုးလည်း မျှော်လင့်ခဲ့ကြဖူးပါတယ်။ စစ်ကော်မရှင်ဟာ အတိတ်မှာဖြစ်ခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာယူပြီး အမေရိကန်နဲ့ ဆက်ဆံရေး တိုးတက်လာစေဖို့ DCI Group နဲ့ McKeon Group ဆိုတဲ့ အမေရိကန် လော်ဘီကုမ္ပဏီနှစ်ခုကို ငှားရမ်းခဲ့ပါသေးတယ်4။ ဒါပေမဲ့ ထရမ့်အစိုးရဟာ တွေဝေနေဆဲဖြစ်သလို နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) ကလည်း မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်စေရေး ထောက်ခံပေးဖို့ လေးလေးနက်နက် ကတိပြုခဲ့ပါတယ်5။ တဖက်မှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတထရမ့် (Trump) ကို စစ်မှန်တဲ့ မျိုးချစ်တဦးအဖြစ် မြှောက်ပင့်ခဲ့ပြီးတဲ့နောက် စစ်တပ်နဲ့ပတ်သက်တဲ့ လူပုဂ္ဂိုလ်တချို့အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းခဲ့ပါတယ်6။ အတိုက်အခံတော်လှန်ရေး အင်အားစုတွေအတွက်တော့ ဒီအချက်ဟာ ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်လာပါတယ်။ အထူးသဖြင့် United States Agency for International Development (USAID) နဲ့ United States Agency for Global Media (USAGM) တို့လို တော်လှန်ရေးအင်အားစုတွေရဲ့ အယူအဆတွေကို အားကောင်းပျံ့နှံ့စေတဲ့ အဖွဲ့အစည်းတွေ ဖျက်သိမ်းခံရပြီးနောက်မှာ ပိုပြီး စိန်ခေါ်မှုရှိလာပါတယ်။

ဒီလိုအခြေအနေတွေအကြားမှာပဲ ဝန်ကြီးချုပ် ဟာစီနာ (Hasina) အစိုးရ ပြုတ်ကျပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အမေရိကန်ရဲ့ ခြေကုပ်ယူလာမှုဟာ အိမ်နီးချင်း အိန္ဒိယနိုင်ငံအတွက်တော့ မသက်မသာ ဖြစ်လာစေခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက မဟာဗျူဟာအရအရေးပါတဲ့ စစ်တကောင်း (Chittagong) ဒေသမှာ အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ သိသိသာသာ မြင့်တက်လာတာကို စိတ်ဝင်စားမှုနဲ့အတူ သံသယမှုတွေ ရောပြွမ်းပြီး စောင့်ကြည့်နေကြပါတယ်7။ အမေရိကန်လေတပ်ရဲ့ မဟာဗျူဟာမြောက် သယ်ယူပို့ဆောင်ရေး လေယာဉ်တစင်းဟာ အမေရိကန်၊ သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ပူးပေါင်းပါဝင်တဲ့ ‘ပစိဖိတ်နတ်သမီးစစ်ဆင်ရေး ၂၅-၃’ ‘Operation Pacific Angel 25-3’ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာပြီးနောက်မှာတော့ အိန္ဒိယအနေနဲ့ သွေးလန့်လာခဲ့ပါတော့တယ်8။ ဒီစစ်ဆင်ရေးဟာ သီလက်မြို့ (Sylhet)က ဂျလာလာဘတ်စစ်စခန်း (Jalalabad Cantonment) အတွင်း ဘင်္ဂလားဒေ့ရှ်ကွန်မန်ဒိုတွေနဲ့ အမေရိကန်စစ်တပ် ပစိဖိတ်ကွပ်ကဲမှုစခန်းနဲ့ နီဗားဒါးအမျိုးသားအစောင့်တပ်ဖွဲ့ (Nevada National Guard) တို့ရဲ့အောက်က အမေရိကန်စစ်သားတွေ ပူးတွဲကာ အစွန်းရောက်ဝါဒ တန်ပြန်နှိမ်နင်းရေးနဲ့ တောတွင်းတိုက်ပွဲကျွမ်းကျင်ရေး စစ်ရေးလေ့ကျင့်မှုတခု ပြုလုပ်ပြီး တလခွဲအကြာမှာ ဖြစ်ပေါ်ခဲ့တာပါ9။ တရုတ်နိုင်ငံကို တန်ပြန်နိုင်မယ့် ထောက်လှမ်းရေး စစ်ဆင်ရေးတွေအတွက် ထောက်ပံ့ရေးဗဟိုဌာနအဖြစ် ဘင်္ဂလားဒေ့ရှ်ကို အသုံးပြုဖို့ ကြိုးပမ်းနေသလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုလုပ်ဆောင်တာဟာ အိန္ဒိယကို ဆိုးရွားတဲ့သက်ရောက်မှု ဖြစ်စေနိုင်လို့ပါ။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြားက လူမျိုးစုတွေဟာ နယ်စပ်ဖြတ်ကျော် သွေးသားဆက်နွှယ်မှုတွေ ရှိကြတဲ့အတွက် မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံအပေါ် သြဇာလွှမ်းမိုးဖို့နဲ့ သက်ဆိုင်ရာ မဟာဗျူဟာအုပ်စုတွေထဲ ဆွဲသွင်းဖို့အတွက် အမေရိကန်နဲ့ တရုတ်အကြားက အားပြိုင်မှုမှန်သမျှဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံတွင်းက ပြည်တွင်းပုန်ကန်မှုတွေနဲ့ ဒုက္ခသည် ရွှေ့ပြောင်းမှုတွေကို သက်ရောက်လာနိုင်ပါတယ်။ အတိအလင်းထုတ်ဖော်ပြောဆိုမှု မရှိပေမဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အမေရိကန်က စစ်ရေးတိုးချဲ့လာခြင်းကြောင့် ဖြစ်လာတဲ့ ပထဝီနိုင်ငံရေးဆိုင်ရာ သက်ရောက်မှုတွေဟာ အိန္ဒိယရဲ့ မဟာဗျူဟာချမှတ်သူ အစုအဖွဲ့တွေကို တုန်လှုပ်ချောက်ချားစေပါတယ်။ ဘင်္ဂလားပင်လယ်အော်အတွင်း အမေရိကန်က တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလာတာဟာ ဒေသတွင်း အင်အားချိန်ခွင်လျှာကို ပြောင်းလဲစေနိုင်ပါတယ်။ အိန္ဒိယအဖို့ သူ့ရဲ့အနီးအစပ် အဝန်းအဝိုင်းအတွင်း အရာရောက်မှု လျော့ကျလာစေပြီး ဒုတိယနေရာဆီကို တွန်းပို့ခံနေရပါတယ်။​ အရေးအကြီးဆုံးကတော့ တောင်အာရှဒေသပြင်ပက နိုင်ငံတွေဟာ အိန္ဒိယတိုက်ငယ်တဝိုက် ဖြစ်ပွားနိုင်တဲ့ ကြီးကျယ်တဲ့ကစားပွဲတခုထဲကို သက်ဆင်းမိစေဖို့ ဆွဲဆောင်ခံရနိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်မှာ ကူးသန်းသွားလာမှုအများဆုံး ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းတွေထဲက တခုဖြစ်တဲ့ မလက္ကာရေလက်ကြား အဝန်းအဝိုင်းအနီးက ကျွန်းတကျွန်းဖြစ်တဲ့ စိန့်မာတင်ကျွန်း (ခေါ်) ရှင်မဖြူကျွန်းကို လက်လွှဲပေးဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အမေရိကန်အစိုးရဟာ ရှိတ်ဟာစီနာ (Sheikh Hasina) အစိုးရကို ဖြုတ်ချခဲ့တယ်လို့ စွပ်စွဲခံထားရပြီးသား ဖြစ်ပါတယ်။ အဲဒီကျွန်းပေါ်မှာ စစ်စခန်းတခု အခြေစိုက်လာနိုင်မယ်ဆိုရင် ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယသမုဒ္ဒရာကို ထူးထူးကဲကဲစောင့်ကြည့်နိုင်မှာဖြစ်ပြီး ဒေသတွင်း တရုတ်ရဲ့ လှုပ်ရှားမှုတွေကို စူးစူးစိုက်စိုက် စောင့်ကြည့်လာနိုင်မှာ ဖြစ်ပါကြောင်း။ 

ကိုးကားချက်များ

  1. https://www.irrawaddy.com/news/myanmars-crisis-the-world/myanmars-aa-urges-dhaka-to-probe-border-officers-backing-rohingya-militants.html   ↩︎
  2. https://nenews.in/neighbours/nascent-plan-involving-bangladesh-army-in-clandestine-us-backed-operations-in-rakhine-state-emerges/23592/  ↩︎
  3. https://www.gao.gov/assets/nsiad-88-94.pdf ↩︎
  4. https://www.odwyerpr.com/story/public/23509/2025-08-28/myanmar-hires-mckeon-group-restore-us-ties.html  ↩︎
  5. https://www.state.gov/burmas-thingyan-festival-and-new-year-2025  ↩︎
  6. https://www.independent.co.uk/asia/southeast-asia/us-sanctions-myanmar-junta-trump-b2795755.html  ↩︎
  7. https://www.moneycontrol.com/world/us-troop-moves-in-bangladesh-s-chittagong-stir-geopolitical-storm-in-india-myanmar-report-article-13549276.html  ↩︎
  8. https://www.daily-sun.com/post/815948  ↩︎
  9. https://www.daily-sun.com/post/815948  
    ↩︎

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles