(ယခုဆောင်းပါးမှာ ကောင်းထက်နိုင်ပေးပို့လာသော “MYANMAR’S MILITARY LEADER’S COSTLY DIPLOMACY” ဆောင်းပါးကို မြန်မာဘာသာသို့ ဆီလျော်စွာ ပြန်ဆိုထားခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူရင်းဆောင်းပါးကို ISP-Myanmar ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်)
မြန်မာ့စီးပွားရေးဟာ ၂၀၂၅ ခုနှစ်မှာ ၂ ဒသမ ၅ ရာခိုင်နှုန်း ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က ကြေညာခဲ့ပါတယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီအချက်ကို ငြင်းဆိုပြီး မြန်မာနိုင်ငံမှာ ဘဏ္ဍာငွေ အလုံအလောက် ရှိနေသေးကြောင်း သတင်းစကား ပါးချင်ပုံပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၂၅ ခုနှစ် ဇူလိုင်လ အတွင်းမှာတင် အကုန်အကျများတဲ့ ဖိုရမ်တွေနဲ့ နိုင်ငံတကာပွဲလမ်းတွေကို တပွဲပြီးတပွဲ သွားပြနေခဲ့ပါတယ်။ ဒီတကြိမ်မှာတော့ ရုရှားသမ္မတ ပူတင်ရဲ့ဖိတ်ကြားချက်နဲ့ ‘ကမ္ဘာ့အဏုမြူဖိုရမ်’ကို သွားတက်ခဲ့တာဖြစ်ပြီး တနှစ်နီးပါး အတွင်း မော်စကိုမြို့ကို တတိယအကြိမ်မြောက် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
အခုအချိန်မှာ တိုင်းပြည်ဟာ ပြည်တွင်းစစ်နွံထဲ နစ်နေသလို စီးပွားရေးကလည်း အားနည်းချည့်နဲ့နေပါတယ်။ မတ်လတုန်းက လှုပ်ခဲ့တဲ့ ငလျင်ကြီးကြောင့် ပျက်စီးခဲ့ရတာတွေကို ပြန်လည်ထူထောင်ရေးအတွက် ဘဏ္ဍာငွေ အများအပြား သုံးနေရပါတယ်။ ဒါ့အပြင် လာမယ့် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက်လည်း ကုန်ကျစရိတ်တွေ ရှိနေပါသေးတယ်။ ဒီလိုအခြေအနေမှာ အဏုမြူဖိုရမ်ကို သွားတက်ရောက်တဲ့ စစ်ခေါင်းဆောင်ရဲ့ ကုန်ကျစရိတ်တွေကလည်း အတော်များပြားသလို မေးခွန်းတွေလည်း ထွက်လာပါတယ်။ “ဒီဖိုရမ်ကို တက်ဖို့ တကယ်ရော လိုအပ်လို့လား”၊ “စစ်ခေါင်းဆောင်ဟာ နိုင်ငံတော်အဆင့် စီမံကိန်းအသစ်တွေအတွက် ရုရှားခေါင်းဆောင်နဲ့ သဘောတူညီချက်တွေ လုပ်ပြီး သူ့ရာထူးကို ခိုင်မြဲအောင် လုပ်နေတာလား”ဆိုတဲ့ မေးခွန်းတွေ ရှိလာပါတယ်။ ဘာလို့ဆိုရင် ၂၀၂၆ ခုနှစ်မှာ နေရာယူလာမယ့် အစိုးရနဲ့ စစ်တပ်အတွက် နာမည်ထွက်နေတဲ့ သူတွေကို အခု ရုရှားခရီးစဉ်မှာ သူနဲ့အတူ မခေါ်သွားခဲ့တာကြောင့်ပါပဲ။
အဏုမြူဖိုရမ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်အရ ပါဝင်သူတယောက်ချင်းစီဟာ ပွဲတက်ဖို့အတွက် ယူရို ၂,၅၀၀ (ကျပ်သိန်း ၁၁၀ ကျော်) ပေးချေရပြီး တဖွဲ့တည်းကနေ လူနှစ်ဦးထက် ပိုတက်ရင် ယူရို ၃၀၀ လျှော့ပေးတယ်လို့ ဆိုပါတယ်။ သတင်းရင်းမြစ်တွေအရ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာလည်း ပွဲတက်ရောက်ဖို့နဲ့ နေထိုင်စရိတ်တွေအတွက် ကိုယ်တိုင် ကျခံပေးချေရပါတယ်။ သတင်းမီဒီယာတွေမှာ ဖော်ပြထားသလိုပဲ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ကြယ်ငါးပွင့်အဆင့် ‘Radisson Collection Hotel’ မှာ တည်းခိုခဲ့ပါတယ်။ ဒီဟိုတယ်ဟာ ဆိုဗီယက်ခေတ်က ညီအစ်မ ခုနစ်ဖော် အဆောက်အအုံတွေထဲက တခုဖြစ်ပါတယ်။ မော်စကိုမြစ်ကမ်းဘေးမှာ တည်ရှိပြီး ရုရှားဝန်ကြီးချုပ်ရုံး၊ ရုရှားအိမ်ဖြူတော်ရှေ့မှာ ရှိပါတယ်။ ဟိုတယ်ရဲ့ တရားဝင်နှုန်းထားအရ Presidential suite တခန်းကို တည အမေရိကန်ဒေါ်လာ ၂၆,၃၅၁.၈၉ (ကျပ်သိန်းတထောင်ကျော်) ကျသင့်ပါတယ်။ Collection suite ကတော့ တညကို ဒေါ်လာ ၇,၈၂၃.၂၂ (ကျပ်သိန်း ၃၂၀ ကျော်) ကျပြီး Grand Residential suite ကတော့ ဒေါ်လာ ၅,၅၉၉.၇၈ (ကျပ်သိန်း ၂၂၀ ကျော်) ကျသင့်ပါတယ်။ ဒီအခန်းတွေအားလုံးဟာ စက်တင်ဘာ ၂၄ ရက်ကနေ ၂၇ ရက်အထိ သုံးညလုံး ကြိုတင် နေရာယူထားခဲ့ကြပြီး အဲဒီအချိန်မှာ မြန်မာကိုယ်စားလှယ်အဖွဲ့ ကလည်း ဟိုတယ်မှာတည်းခို နေခဲ့ပါတယ်။ ဒါ့အပြင် ရုရှားတက္ကသိုလ်တွေမှာ သိပ္ပံပါရဂူဘွဲ့ (အနောက်နိုင်ငံတွေမှာ ပါရဂူဘွဲ့လွန်နဲ့ ညီမျှ)၊ ပါရဂူဘွဲ့နဲ့ ဘွဲ့လွန်ဘွဲ့တွေ သင်ယူနေတဲ့ စစ်ဘက်ကျောင်းသားတွေက သူတို့အချင်းချင်း သုတေသနလုပ်ငန်းတွေကို မျှဝေဖို့ နှစ်စဉ်ပြုလုပ်တဲ့ အသေးစားစာတမ်းဖတ်ပွဲနဲ့ သိပ္ပံပြပွဲကို ဒီနှစ်မှာတော့ အသွင်ပြောင်းခဲ့ပါတယ်။ စစ်ခေါင်းဆောင်က နိုင်ငံတော် ဘဏ္ဍာကနေ ကျခံစေပြီး ‘လူငယ်နှင့် အနာဂတ်မြန်မာ – သိပ္ပံနှင့် နည်းပညာ’ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲအဖြစ် ကျင်းပပေးခဲ့ပါတယ်။
စက်တင်ဘာလဆန်းပိုင်းမှာ စစ်ခေါင်းဆောင် ဘေဂျင်းကို သွားတုန်းက အနာဂတ်အစိုးရနဲ့ စစ်တပ်မှာ ခန့်အပ်မယ်လို့ နာမည်ထွက်နေတဲ့သူတွေကို သူနဲ့အတူ ခေါ်သွားခဲ့ပြီး တရုတ်ခေါင်းဆောင်တွေနဲ့ ဆွေပြမျိုးပြ မိတ်ဆက်ပေးခဲ့ပါ တယ်။ အချို့ကောလာဟလတွေအရ ရွေးကောက်ပွဲပြီးရင် ရာထူးအားလုံးကနေ အနားယူပြီး အာဏာကို လူငယ်မျိုး ဆက်သစ်ကို လွှဲပြောင်းဖို့ စစ်ခေါင်းဆောင်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က အကြံပေးခဲ့တယ်လို့ ဆိုပါတယ်။ အခု မော်စကိုခရီးစဉ်ကို လာတဲ့အခါ အနာဂတ်အစိုးရနဲ့ စစ်တပ်ခေါင်းဆောင်မှုအတွက် နာမည်ထွက်ရှိတဲ့ ပုဂ္ဂိုလ်တွေကို စစ်ခေါင်းဆောင်က ခေါ်မလာခဲ့တော့ပါဘူး။ ဒါကြောင့် အခု မော်စကိုခရီးစဉ်ဟာ တရုတ်နဲ့ သံတမန်ရေးရာအရ မျှခြေရှာဖွေဖို့နဲ့ နိုင်ငံတကာအသိအမှတ်ပြုမှုရယူဖို့ ရုရှားကို အားထားတာ၊ ရွေးကောက်ပွဲအပြီး နိုင်ငံအုပ်ချုပ်ရေးမှာ စစ်ခေါင်းဆောင်ရဲ့ ရာထူးနေရာတည်ငြိမ်မှုရရှိရေး ကြိုးပမ်းမှုအဖြစ် မှတ်ယူနိုင်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးကတည်းက စစ်ခေါင်းဆောင်ဟာ သိပ္ပံတိုးတက်မှုနဲ့ နည်းပညာခေတ်မီမှုကို မြှင့်တင်ဖို့ အတွက် မော်စကိုနဲ့ ထူးခြားတဲ့ ဆက်ဆံရေးတွေ စတင်ခဲ့ပါတယ်။ ဘေဂျင်းထက် မော်စကိုနဲ့ နီးနီးစပ်စပ် ဆက်ဆံခဲ့ ပါတယ်။ ရုရှားနဲ့ ဆက်ဆံရေးမှာဆိုရင် မြန်မာနိုင်ငံအတွင်း အဏုမြူစွမ်းအင်နဲ့ အာကာသ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ စစ်ခေါင်းဆောင်က ပူတင်ရဲ့ ထောက်ခံမှုကို အစဉ်တစိုက် တောင်းခံခဲ့ပါတယ်။ တရုတ်နဲ့ကတော့ မြန်မာသံအမတ်က အဏုမြူစွမ်းအင်အတွက် တရုတ်ဆီက တကြိမ်ပဲ လူသိထင်ရှား အကူအညီတောင်းခံခဲ့ဖူးပါတယ်။ ဒါ့အပြင် ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား အာကာသ ပူးပေါင်းဆောင်ရွက်မှုအတွက် အဓိကဆွေးနွေးခဲ့တာ တွေ့ရပါတယ်။ စစ်ခေါင်းဆောင်ဟာ ရုရှားရဲ့ နိုင်ငံပိုင်အာကာသကုမ္ပဏီ (Roscomos) ကို သွားရောက်ခဲ့ပြီး ဂြိုဟ်တုဖွံ့ဖြိုးရေး၊ အာကာသထောက်လှမ်းရေးနဲ့ အချက်အလက်မျှဝေရေးတို့ကို ရုရှားအရာရှိတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ မကြာသေးမီက တရုတ်ခရီးစဉ်မှာလည်း စစ်ခေါင်းဆောင်က တရုတ်အမျိုးသား အာကာသစီမံခန့်ခွဲရေးအဖွဲ့ကို သွားခဲ့ပြီး လေ့ကျင့်သင်တန်းများနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မှုတွေအတွက် ဆွေးနွေးခဲ့ပါတယ်။
ထူးခြားတာက ဒီနှစ်အစောပိုင်းမှာ စစ်အုပ်စုဟာ သိပ္ပံနဲ့ နည်းပညာဗျူဟာရဲ့ တစိတ်တပိုင်းအဖြစ် ‘အမျိုးသား အာကာသအေဂျင်စီ’ကို ဖွဲ့စည်းခဲ့ပါတယ်။ အေဂျင်စီရဲ့ အမှုဆောင်အရာရှိချုပ်၊ ဒုတိယ အမှုဆောင်အရာရှိချုပ်နဲ့ ညွှန်ကြားရေးမှူးတွေဟာ စစ်ခေါင်းဆောင်ရဲ့ အတွင်းစက်ဝန်းထဲက ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒီအေဂျင်စီကို သူ့ရဲ့ အပြည့်အဝထိန်းချုပ်မှုအောက်မှာ ရှိပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရတဲ့ အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းထားတာပါ။ အဏုမြူစွမ်းအင်နဲ့ အာကာသဖွံ့ဖြိုးရေးမှာ စိတ်ဝင်စားပေမဲ့ ငွေကြေးကန့်သတ်ချက်တွေနဲ့ နည်းပညာလွှဲပြောင်း ရေး လိုအပ်ချက်တွေကြောင့် လက်တွေ့တိုးတက်မှု နည်းပါးနေပါတယ်။ ဒါပေမဲ့ ဒီအေဂျင်စီဖွဲ့စည်းမှုနဲ့ စစ်အုပ်စုရဲ့ ကြိုးပမ်းချက်တွေဟာ နည်းပညာစွမ်းရည်အရ တိုးတက်နေတဲ့အကြောင်း နိုင်ငံတကာစင်မြင့်ပေါ်မှာ ပြသဖို့ ကြိုးပမ်းနေတာကို ဖော်ပြပါတယ်။
စစ်ခေါင်းဆောင်ဟာ ရုရှားခရီးစဉ်အပြီးမှာ ကာဇက်စတန်ကို သွားရောက်ခဲ့ပါသေးတယ်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးစတင်ခဲ့ပြီးကတည်းက မြန်မာနိုင်ငံခေါင်းဆောင်တဦးအနေနဲ့ ပထမဆုံးသွားရောက်ခဲ့တာပါ။ ဗုဒ္ဓဘာသာကို မြဲမြဲမြံမြံ ထောက်ပံ့သူ၊ ကာကွယ်သူအဖြစ် စစ်ခေါင်းဆောင်က သူ့ကိုယ်သူ ပုံဖော်ပြလေ့ရှိပေမဲ့ ဒီတကြိမ်ဟာ အာရှအလယ်ပိုင်းက အစ္စလာမ်နိုင်ငံတွေရဲ့ ဒေသတွင်း အရေးပါတဲ့ ခေါင်းဆောင်တွေနဲ့ ဒုတိယအကြိမ် ထိတွေ့ဆက်ဆံမှုဖြစ်ပြီး ဘာသာအားလုံးရဲ့ မိတ်ဆွေအဖြစ် သူ့ပုံရိပ်ကို သန်မာအောင်လုပ်ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်ရဲ့ ‘ရပ်ဝန်းလမ်းကြောင်းအစီအမံ’နဲ့ အာရှအလယ်ပိုင်းဒေသအတွင်း ကာဇက်စတန်ရဲ့ အဓိကအခန်းကဏ္ဍကို စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ်မှာ ကာဇက်စတန်သမ္မတက ဆွေးနွေးခဲ့တယ်လို့ Kazinform က ဖော်ပြခဲ့ပေမဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေမှာတော့ တရုတ်ရဲ့ ‘ရပ်ဝန်းလမ်းကြောင်းအစီအမံ’အောက်မှာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးမှုကို လုံးဝမဖော်ပြဘဲ ခြွင်းချန် ထားခဲ့ပါတယ်။
နိဂုံးချုပ်အနေနဲ့ စစ်ခေါင်းဆောင်ရဲ့ မကြာသေးခင်က ဆက်ဆံရေးတွေဟာ စီးပွားရေးကျဆင်းနေပြီး စစ်မီးဝိုင်းနေချိန်မှာ သံတမန်ရေးအရ တရားဝင်မှုရယူဖို့နဲ့ စစ်အစိုးရရဲ့ တည်ငြိမ်မှုကို သန်မာအောင်လုပ်ဖို့ နိုင်ငံတကာမဟာမိတ်တွေကို အသုံးချလိုတဲ့ ပိုမိုကျယ်ပြန့်တဲ့ ဗျူဟာကို ထင်ဟပ်ပြနေပါတယ်။ ငွေလိုနေတဲ့ မြန်မာနိုင်ငံမှာ ဒီသံတမန်ရေးဆိုင်ရာ လှုပ်ရှားမှုတွေဟာ ငွေကုန်ကြေးကျများပြားလွန်းပါတယ်။ စစ်အုပ်စုကတော့ နိုင်ငံတကာမှာ ပုံရိပ်တည်ဆောက်ရေး၊ စစ်ခေါင်းဆောင်ရဲ့ ကိုယ်ပိုင်အာဏာကွန်ရက် ခိုင်မာစေရေးတို့ကိုပဲ ဦးစားပေးနေပုံရပါတယ်။ ပြီးတော့ အခုလို ဗျူဟာမြောက်ပြောင်းလဲမှုတွေဟာ တရုတ်အပေါ် အလွန်အကျွံအား ထားမှုကို လျှော့ချဖို့နဲ့ မြန်မာရဲ့ နိုင်ငံတကာမိတ်ဖက်တွေကို ကွဲပြားအောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှုလည်း ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်ရဲ့ ထောက်ခံမှုဟာ ပိုမိုရှုပ်ထွေးလာပြီး အခြေအနေအလိုက် ပြောင်းလဲတတ်လို့လည်း ဖြစ်ပါတယ်။
နောက်ဆုံးအနေနဲ့ ဒီလှုပ်ရှားမှုတွေဟာ စစ်တပ် ဒါမှမဟုတ် စစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့ ရေပေါ်ဆီထိပ်သီး လူနည်းစုက ဦးစီးတဲ့ နိုင်ငံဗဟိုပြု အကျပ်အတည်း စီမံခန့်ခွဲမှုပုံစံ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ဆက်လက်ရှင်သန်ရေး၊ နိုင်ငံတကာ တရားဝင်မှုနဲ့ ရေပေါ်ဆီ လူနည်းစုအလွှာရဲ့ အကျိုးစီးပွားတွေကို ဦးစားပေးချင်တာ ဖြစ်ပါတယ်။ အများပြည်သူကို အကျိုးဖြစ်တဲ့ စီးပွားရေး နာလန်ထရေး ဒါမှမဟုတ် လူမှုဖွံ့ဖြိုးရေးတို့ကို ဦးစားမပေးပါဘူး။ ဒီလို ဦးစားပေးမှုတွေကို ကြည့်ရင် စစ်ကော်မရှင်အနေနဲ့ စစ်ခေါင်းဆောင်တွေ လုံခြုံအခြေခိုင်စေဖို့ပဲ ကြည့်ပါတယ်။ တနိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်မှုရစေဖို့ နိုင်ငံ့အရင်းအမြစ်တွေကို သုံးစွဲစီမံလိုစိတ် မရှိပါဘူး။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးအောင် အုပ်ချုပ်စီမံနိုင်စွမ်း ရှိမနေပါဘူး။ နိုင်ငံဖွံ့ဖြိုးရေးအတွက် အရင်းအမြစ်တွေကို တကယ် ခွဲဝေသုံးစွဲဖို့ ဆန္ဒရှိပါရဲ့လားဆိုပြီး အရေးကြီးတဲ့ မေးခွန်းတွေကိုလည်း ပေါ်ထွက်စေပါတယ်။
