Analysis

ပြည်ချစ်စိတ်၊ ဂုဏ်ယူမှုနှင့် သပွတ်အူတော်လှန်စိတ်

ပြည်ချစ်စိတ်နဲ့ ဂုဏ်ယူမှုဟာ CDM/Non-CDM အမှတ်အသားတွေအကြားမှာ ဂယက်ထနေပါတယ်။ ပြည်သူတွေအနေနဲ့ တခါတရံ လူသားဆန်တဲ့ စိတ်ခံစားချက်တွေကို ဦးစားပေးပြီး နိုင်ငံရေးစည်းမျဉ်းကို ယာယီဖြေလျှော့ကြပေမဲ့ ယေဘုယျအားဖြင့် လူထုဟာ စစ်အာဏာရှင်စနစ်နဲ့ အဆက်အသွယ် လုံးဝဖြတ်လိုနေကြပါတာကို တွေ့ရမှာပါ။
By  အောင်ကျော်ဟိန်း  | December 18, 2025

မြန်မာ့နိုင်ငံရေးရဲ့ လက်ရှိအနေအထားမှာ ပြည်သူတွေအကြား ‘တော်လှန်ရေး’နဲ့ ‘စစ်အာဏာရှင်’ဆိုတဲ့ ဘက်နှစ်ဖက်ခွဲခြားမှုက ထင်ရှားပါတယ်။ အဲဒီလို ပြင်းထန်တဲ့ခံစားချက်တွေဟာ ကဏ္ဍအသီးသီးအပေါ် သက်ရောက်နေတာပါ။ အားကစားလောကလည်း မလွတ်ပါဘူး။ စစ်တပ်နဲ့ဆက်နွှယ်သူတွေကို သပိတ်မှောက်တယ်။ လူမှုပြစ်ဒဏ်ချတယ်။ 

ဒီနေရာမှာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နဲ့ ဂုဏ်ယူမှုဆိုတဲ့ကိစ္စတွေဟာ သပွတ်အူဖြစ်လာပါတော့တယ်။ ဘယ်လိုလူတွေကို ဘယ်လိုအခြေအနေတွေမှာ သတ်မှတ်ရမှာလဲဆိုတဲ့ မေးခွန်းတွေ ရှုပ်ထွေးသွားပါတယ်။ အခု ထိုင်းမှာကျင်းပနေတဲ့ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(SEA Games)နဲ့ပတ်သက်တဲ့ ဖြစ်စဉ်တချို့ရယ်၊ CDM နဲ့ Non-CDM ဆိုတဲ့ ပိုင်းခြားထားမှုရယ်တွေကို ချိတ်ဆက်ကြည့်လိုက်ရင် အဲဒီရှုပ်ထွေးမှုက ပိုပြီးမြင်သာပါတယ်။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

၁။ အမျိုးသမီးဘောလုံးအသင်းနှင့် တိတ်ဆိတ်ခဲ့သော သပိတ်သံ

မြန်မာအမျိုးသမီးဘောလုံးအသင်းဟာ ဒေသတွင်းမှာ အင်အားတောင့်တင်းတဲ့ အသင်းတသင်းပါ။ ပရိသတ်အခိုင်အမာ ရရှိထားပါတယ်။ SEA Games မှာ ထိုင်းရောက်မြန်မာများစွာ သွားရောက် အားပေးခဲ့ကြပါတယ်။ ဒါဟာ ‘မြန်မာ’ဆိုတဲ့ နာမဝိသေသနဲ့ နိုင်ငံ့ဂုဏ်ဆောင်လိုမှုကို ရှေ့တန်းတင်ထားတဲ့  မျိုးချစ်စိတ်ဓာတ်ကိုပြသနေတာပါ။ ဘောလုံးအသင်းဟာ စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ပြိုင်တာပါ။ ဒါပေမဲ့ ဘောလုံးပွဲကို အားပေးနေချိန်မှာ သပိတ်မှောက်တဲ့ အသံတွေဟာ တိတ်ဆိတ်နေခဲ့ပါတယ်။  ဗီယက်နမ်ကို ရှုံးပြီး အုပ်စုကနေ ထွက်ရတဲ့အခါ တော်တော်များများကလည်း စိတ်ထိခိုက်ခဲ့ကြပါတယ်။ တနေ့ကပဲ နယ်ကိုဖုန်းဆက်တော့ ကလေးမတယောက် ပြောတာကို ကြားခဲ့ရပါသေးတယ်။ သူ့အနေနဲ့ ထိုင်းကိုလာပြီး မြန်မာအမျိုးသမီးအသင်းကို အားပေးချင်တယ်လို့ဆိုပါတယ်။ တဖက်မှာတော့ သူဟာ စစ်တပ်ကို အမုန်းကြီးမုန်းတီးနေသူပါ။ ဒီပဲယင်းရဲ့ လက်ဖက်ရည်ဆိုင်တခုမှာ ဗုံးကြဲခံရလို့ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသူတွေဟာ မြန်မာအမျိုးသမီးဘောလုံးအသင်းပွဲစဉ်ကို ကြည့်ရှုနေကြသူတွေပါ။ သူတို့ကို စစ်တပ်ထောက်ခံသူ၊ စစ်တပ်နဲ့ ဆက်နွှယ်တဲ့သူတွေအဖြစ် သတ်မှတ်နိုင်မလား၊ စဉ်းစားစရာပါ။

ဒီဖြစ်စဉ်ကို အုပ်စုတွင်းဘက်လိုက်ခြင်း (In-Group Bias) နဲ့ ခံစားမှုကူးစက်ခြင်း (Emotional Contagion) လို့ ဆိုပါတယ်။ ဘောလုံးအသင်းကို အားပေးတာဟာ လူမှုရေးအရ ကိုယ့်ကိုယ်ကိုယ် အပေါင်းလက္ခဏာအဖြစ် ရှုမြင်လိုက်တာပါ။ အားပေးမှုတွေဟာ လှိုင်းဂယက်အဖြစ်နဲ့ ကူးစက်သွားစေပြီး သူ့ရဲ့အရှိန်ကြောင့် နိုင်ငံရေးဆိုင်ရာ ဆင်ခြင်တုံတရားတွေလည်း ယာယီအားဖြင့် ပျောက်သွားပါတယ်။ ‘နိုင်ငံ့ဂုဏ်’ဆိုတဲ့ စိတ်ခံစားမှုဟာ ‘စစ်အာဏာရှင် ဆန့်ကျင်ရေး’ကို ခဏတာ ကျော်လွှားသွားတာပါ။

၂။ ဗရော်နီကာနှင့် ပွဲဆူလာသော လူမှုပြစ်ဒဏ်

မြန်မာ့ဂုဏ်ဆောင် MMA တိုက်ခိုက်ရေးသမား ဗရော်နီကာကိစ္စဟာလည်း လတ်တလော ပွဲဆူနေပါတယ်။ သူဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သူဖြစ်သလို ကိုယ်တိုင်ကလည်း ကယန်းတိုင်းရင်းသူပါ။ အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ပြောင်းရွှေ့ခဲ့ပြီး နိုင်ငံတကာတိုက်ခိုက်ရေးပြိုင်ပွဲတွေကနေ ထင်ရှားလာခဲ့ပါတယ်။ လူမှုကွန်ရက်မှာ Follower သန်းချီရှိတဲ့ ကျော်ကြားသူ ဖြစ်သလို နိုင်ငံတကာအဆင့် အားပေးမှုတွေလည်း ရထားတဲ့ အားကစားသမားတယောက်ပါ။ နောက်ကြောင်းကို ပြန်လိုက်ရင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုခဲ့ဖူးသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ်နဲ့လည်း အဆက်အသွယ်ပြုခဲ့ဖူးပါတယ်။ 

သူဟာ SEA Games ဝင်ပြိုင်တဲ့ သူငယ်ချင်း လက်ဝှေ့ကစားသမားတချို့နဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့မှုနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီလိုဓာတ်ပုံတွဲရိုက်တာဟာ တော်လှန်ရေးကို မျက်ကွယ်ပြုရာ၊ သပိတ်ကို ချိုးဖောက်ရာရောက်တယ်လို့ မှတ်ယူပြီး လူမှုပြစ်ဒဏ် Social Punishment ပေးကြပါတယ်။ ပေးဖို့လည်း တိုက်တွန်းဆော်ဩကြပါတယ်။ 

ဒီနေရာမှာ ဝိဝါဒကွဲပြားစရာ၊ ဒွိဟဖြစ်စရာတွေ ပေါ်လာပါတယ်။ အမျိုးသမီးဘောလုံးအသင်းကို တခဲနက်အားပေးတုန်းကတော့ Non-CDM ဆိုတာတွေ၊ Boycott ဆိုတာတွေကို မေ့လျော့ခဲ့ကြပေမဲ့ အခုကိစ္စမှာ သည်းမခံ အုန်းအုန်းကျွက်ကျွက် ဖြစ်နေတာပါ။ ဒါဟာ ရှေ့နောက်မညီညွတ်သလို၊ မမျှတသလို ဖြစ်နေပါတယ်။

၃။ CDM/Non-CDM အကြား ပျောက်ဆုံးသွားသော စည်း

ဆိုခဲ့တဲ့ ဖြစ်စဉ်တွေတင်မဟုတ်ဘဲ တခြားကဏ္ဍတွေမှာလည်း CDM/Non-CDM အမှတ်အသားတွေ၊ ခြားထားတဲ့မျဉ်းတွေဟာ ခဏတာဖြစ်ဖြစ် ဝေဝါးပျောက်ဆုံးသွားတတ်တဲ့ အခြေအနေတွေ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေထဲမှာ မြန်မာနိုင်ငံက ဆင်ဦးစီးအမျိုးသမီးငယ်တယောက် လူမှုကွန်ရက်တွေမှာ လူသိများခဲ့ဖူးပါတယ်။ သူဟာ သစ်တောဦးစီးဌာနက ဝန်ထမ်းတဦးဖြစ်ပြီး Non-CDM ဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာ ဆင်ဦးစီးကို အမျိုးသမီးအဖြစ် မြင်တွေ့ရဖို့ ရှားပါးတာကြောင့်ရော၊ ငယ်ရွယ်ချောမောသူဖြစ်နေတာကြောင့်ရော လူအများရဲ့ အားပေးမှုကို ခံရခဲ့ပါတယ်။ တော်လှန်မီဒီယာလို့ အများခေါ်တဲ့ သတင်းဌာနတခုကလည်း သူ့အကြောင်း ဂုဏ်ပြုဆောင်းပါးတပုဒ် ရေးသားဖော်ပြခဲ့ပါသေးတယ်။ နောက် ကျောင်းမသွားချင်တဲ့ကလေးတယောက်ကို အကြောင်းပြုပြီး လူမှုကွန်ရက်တွေမှာ ကျော်ကြားလာ၊ နောက်ပိုင်းမှာ စီးပွားရေးလုပ်ငန်းတွေကပါ ကြော်ငြာတွေရိုက်ကူးလာခဲ့တဲ့ Non-CDM ကျောင်းဆရာတယောက်လည်း ရှိပါသေးတယ်။ ဒါတွေက ထင်ရှားတဲ့ သာဓကတွေကိုပဲ ဆွဲထုတ်ပြတာပါ။ တခြား ဖြစ်စဉ်တွေလည်း ရှိပါသေးတယ်။ ဒီလိုအခြေအနေတွေမှာ ပရိသတ်တွေအနေနဲ့ နိုင်ငံရေးဆိုတာကို လျစ်လျူရှုထားကြတာပါ။

ဒီဖြစ်စဉ်တွေကို ‘သိမြင်မှုသဟဇာတမဖြစ်ခြင်း’(Cognitive Dissonance)နဲ့ ‘ရသ၏ဆွဲဆောင်မှု’(Aesthetic Appeal)လို့ ဆိုပါတယ်။ လူအများဟာ ‘Non-CDM ကို သပိတ်မှောက်ရမယ်’ဆိုတဲ့ နိုင်ငံရေးယုံကြည်ချက်က တဖက် (Cognition A)၊ ‘ဒီလူ့ကို ကြိုက်နှစ်သက်နေမှုက တဖက် (Cognition B)၊ ဒီနှစ်ခုအကြား ပဋိပက္ခဖြစ်လာတဲ့အခါ ကိုယ့်စိတ်ခံစားမှုနဲ့ ကိုက်ညီစေဖို့ ညှိယူပါတယ်။ ဒီအခါ နိုင်ငံရေးစည်းမျဉ်းကို ယာယီဖြေလျှော့လိုက်တာမျိုး လုပ်ပါတယ်။ နောက်တခါ တဦးဦးရဲ့ အစွမ်းအစ၊ ဆွဲဆောင်မှု၊ ဒါမှမဟုတ် ထူးခြားတဲ့အခြေအနေတခု စတာတွေက နိုင်ငံရေးဝါဒထက် ပိုဆွဲဆောင်မှုရှိလာတဲ့အခါ ‘လူသားဆန်တဲ့ စိတ်ခံစားချက်’ဟာ ‘တင်းကျပ်တဲ့ နိုင်ငံရေးမူ’တွေကို ကျော်လွှားသွားတတ်ပါတယ်။ နာမည်ကျော် MMA ချန်ပီယံဟောင်း အောင်လအန်ဆန်းရဲ့ နှုတ်ဆက်ပွဲမှာ လေးဖြူ ကိုယ်တိုင် သီချင်းဆို၊ နှစ်ယောက်သား ပွေ့ဖက်ကခုန်ခဲ့ပါတယ်။ ဓာတ်ပုံတွဲရိုက်တဲ့ကိစ္စနဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။

၄။ ပြည်ချစ်စိတ်နှင့် ဂုဏ်ယူမှု၏ အဓိပ္ပာယ်

ပြည်ချစ်စိတ်နဲ့ ဂုဏ်ယူမှုဟာ ဘာကို ကိုယ်စားပြုပါသလဲ။ အပေါ်ကဖြစ်ရပ်တွေကိုကြည့်ရင် မျိုးချစ်စိတ်ရဲ့ အဓိပ္ပာယ်ဟာ ပြောင်းလဲနေပါတယ်။ အခြေအနေပေါ်မူတည်ပြီး အဓိပ္ပာယ်ကို လိုသလို ပြောင်းလဲသုံးစွဲနေကြတာပါ။ အမျိုးသမီးဘောလုံးအသင်းကို မျိုးချစ်စိတ်နဲ့ အားပေးပြီး CDM/Non-CDM ကိစ္စကို မေ့ထားကြပါတယ်။ ဗရော်နီကာကိစ္စမှာတော့ နိုင်ငံရေးစင်ကြယ်မှုကို ပြန်လည်ထိန်းသိမ်းလိုကြပြန်ပါတယ်။ ဒါဟာ ခေတ်သစ် လူမှုလှုပ်ရှားမှု (Social Movement) ဒါမှမဟုတ်  လူအုပ်ကြီးယဉ်ကျေးမှု Mob Culture ရဲ့ လက္ခဏာပါ။ တချို့ဟာ တော်လှန်ရေး၊ သပိတ် စတာတွေကို တိကျတဲ့ စည်းကမ်းတွေထက် ‘စိတ်ခံစားမှုနဲ့ အဖွဲ့လိုက်ဆုံးဖြတ်ချက်’ကို အခြေခံပြီး လုပ်ဆောင်နေကြတဲ့ သဘောပါ။

ဒီနေရာမှာ တော်လှန်ရေးအုပ်စုတွေဘက်က သတိပြုသင့်တာကတော့ အခုလိုအခြေအနေမျိုးတွေမှာ လုပ်ရပ်နဲ့ ရည်ရွယ်ချက်ကို ချိန်ဆကြည့်ဖို့ပါပဲ။ သပိတ်စည်းမျဉ်းတွေဟာလည်း တသမတ်တည်းဖြစ်နေသင့်ပါတယ်။ နောက်တခါ ဆန်စဉ်ရာ ကျည်ပွေ့လိုက်နေတာထက် စစ်ကောင်စီကို ထောက်ခံတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ၊ မီဒီယာတွေလို ပင်မဒေါက်တိုင်ကြီးတွေအပေါ်မှာ အာရုံစိုက်ဖို့ အရေးကြီးတာပါ။ နောက်တခုကတော့ ပြစ်မျိုးမှဲ့မထင် အလွန်အကျွံသန့်စင်လိုစိတ်ကို ရှောင်ရှားဖို့ပါ။ အခုလို စည်းမပြတ်တဲ့အခြေအနေမျိုးမှာ တဖက်ကို တွန်းထုတ်လိုက်တာထက် ကိုယ့်ဘက်ကို လုံးလုံးလျားလျားရောက်လာအောင် ဆွဲသွင်းသင့်တာပါ။ တချို့သောအခြေအနေမှာ တော်လှန်ရေးရဲ့ မဟာမိတ်တွေကို အသေးအဖွဲကိစ္စတွေလောက်နဲ့ ပြစ်ဒဏ်ခတ်တာဟာလည်း ကိုယ့်ဘက်မှာ အင်အားလျော့ကျသွားတာကို သတိထားသင့်ပါတယ်။ 

ချုပ်ရရင်တော့ မြန်မာ့အားကစားလောကနဲ့ လူမှုကွန်ရက်ပေါ်က အခုဖြစ်စဉ်တွေဟာ လက်ရှိ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ရှုပ်ထွေးနက်နဲမှုကို ထင်ဟပ်ပြနေတာပါ။ ပြည်ချစ်စိတ်နဲ့ ဂုဏ်ယူမှုဟာ CDM/Non-CDM အမှတ်အသားတွေအကြားမှာ ဂယက်ထနေပါတယ်။ ပြည်သူတွေအနေနဲ့ တခါတရံ လူသားဆန်တဲ့ စိတ်ခံစားချက်တွေကို ဦးစားပေးပြီး နိုင်ငံရေးစည်းမျဉ်းကို ယာယီဖြေလျှော့ကြပေမဲ့ ယေဘုယျအားဖြင့် လူထုဟာ စစ်အာဏာရှင်စနစ်နဲ့ အဆက်အသွယ် လုံးဝဖြတ်လိုနေကြတာကို တွေ့ရမှာပါ။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles