အရက်၊ ဘီယာ၊ ယမကာဆိုတာ အမျိုးသားထု စွဲလမ်းကြိုက်နှစ်သက်ကြတဲ့ ဖျော်ဖြေရေးထုတ်ကုန်တခုပါ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ တရားဝင်ရှိနေပြီး မှီဝဲသူတွေလည်း အများအပြားရှိနေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ ဘီယာဆိုတာ လုံးဝမတွေ့ရတဲ့ ဒေသတခု ရှိနေပါတယ်။ ဒါကတော့ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေတွေပါ။
ရခိုင်ပြည် AA ထိန်းချုပ်နယ်မြေထဲ ပြည်မနဲ့ နိုင်ငံခြားထုတ်ကုန် ဘီယာ၊ အရက်၊ ဝိုင် စတဲ့ ယစ်မျိုးကုန်အားလုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး အာဏာပိုင်တွေက စတင်သပိတ်မှောက်ခဲ့ပါတယ်။ စစ်တပ်ထုတ်ကုန် သုံးစွဲတာဟာ အာဏာသိမ်းစစ်တပ်ကို ကျည်ဆန်ဖြည့်ပေးရာ ရောက်တယ်ဆိုပြီး တင်သွင်းရောင်းချခွင့်အားလုံးကို ဒေသန္တရအမိန့်နဲ့ ပိတ်သိမ်းလိုက်တာပါ။ ဆိုတော့ အစပိုင်းမှာ ရခိုင်ပြည်တွင်းက ယမကာလုလင်တွေဟာ သူတို့ပုံမှန် မှီဝဲနေဆဲ စစ်တပ်ထုတ်ကုန် အရက်တွေကို အမဲလိုက် ရှာဖွေကြပါသေးတယ်။ အဲဒီတုန်းက လက်ကျန်အရက်တချို့ဟာလည်း မိုးထိမိုးမိ ဈေးတက်သွားပါတယ်။
Grand Royal Special Reserve Whisky (ဂရမ်းရွှေ) တလုံးကို တသိန်းနှစ်သောင်း၊ Grand Royal Signature (ဂရမ်းအပြာ) တလုံးကို တသိန်း၊ Grand Royal Black (ဂရမ်းအမည်း) တလုံးကို ခုနစ်သောင်း၊ Grand Royal Smooth (ဂရမ်းစမုတ်) တလုံးကို ခုနစ်သောင်းကျပ်အထိ ဈေးပေးပြီး မှောင်ခိုဈေးကွက်ထဲ ဝယ်သောက်ကြပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးတော့လည်း အားမတန်မာန်လျှော့ကာ တောအရက်နောက် ကောက်ကောက်လိုက်ပါသွားကြတာပါပဲ။
ဒီနေ့မှာတော့ ဒေသထွက်အရက်တွေ ရင်ကော့ခေါင်းမော့ပါတယ်။ အရက်ဘီယာကို စွဲလမ်းစွာ မှီဝဲတတ်သူတွေဟာ ရွေးချယ်စရာမရှိတော့ ဒေသထုတ်ကုန်တွေဆီ မျက်နှာမူရပါတော့တယ်။ ဒီနေ့ ရခိုင်ပြည်မှာ တောအရက် ဒါမှမဟုတ် ထွေးညိုလို့ခေါ်ကြတဲ့ ရိုးရာအရက်ကို ‘မချစ်သော်လည်း အောင့်ကာနမ်း’ လာရပါတယ်။ ဒါနဲ့အတူ အရောင်အသွေး စုံလင်လှတဲ့ ဒေသထုတ် ယမကာတွေလည်း ခေတ်စားလာပါတယ်။ ‘မြေစမ်း ခရမ်းပျိုး’ စမ်းသပ်ထုတ်ကြည့်နေကြတာပါ။ တခါမှ မကြားဖူးတဲ့ ဝိုင်တွေ၊ တောအရက်နဲ့ စပ်ထားတဲ့ ကော့တေး၊ အုန်းရည်အရက် (ဓနိအရက်) တွေပါ။ ဂျင်းဝိုင်၊ Discovery၊ Kam Thar Yar ဝိုင်ဆိုပြီး တံဆိပ်နာမအမျိုးမျိုးနဲ့ အရက်တွေ၊ ဝိုင်တွေ အပြိုင်းပြိုင်း ထွက်ပေါ်လာပါတယ်။
ဆန်ချက်အရက်ကိုတော့ ထမင်းနဲ့ တစေး (yeast) ကို အဓိက ပေါင်းခံအငွေ့ထုတ်လုပ်ပါတယ်။ ပထမဆုံး ကျလာတဲ့ အရည်ကို အဦးရည်လို့ ခေါ်ကြပြီး နောက်မှကျတဲ့ အရည်ကိုတော့ အပျော့ရည်။ ဒါကိုရော စပ်လိုက်ရင် အစပ်ရည်လို့ ဆိုပါတယ်။ ဒီကနေ့ ရခိုင်ပြည်မှာ အဦးရည် တလီတာကို တသောင်းနဲ့ အစပ်ရည် တလီတာကို ခြောက်ထောင် ပေါက်ဈေးရှိပါတယ်။ ဆိုးဝါးတာတော့ မှီဝဲသူတွေရဲ့ ကျန်းမာရေးအန္တရာယ်ပါ။ FDA ထောက်ခံချက်တွေ၊ အာမခံချက်တွေ လုံးဝမရှိတာကြောင့် ဘေးဥပါဒ် အသက်အန္တရာယ်က ကြိုနှင့်နေပါတယ်။
AA ပြောခွင့်ရ ဦးခိုင်သုခကတော့ ရခိုင်မှာရှိတဲ့ အရက်၊ ယမကာလုပ်ငန်းတွေကို FDA စစ်ဆေးတာရှိတယ်လို့ ပြောပေမဲ့ မြေပြင်က အရက်ချက်တဲ့လူတွေကို မေးကြည့်တော့ စစ်ဆေးတာမရှိဘူးလို့ ဆိုပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနရဲ့ ဇူလိုင်လက သတိပေးချက်မှာတော့ ရခိုင်ပြည်ထဲ သောက်သုံးနေကြတဲ့ တောအရက်မှာ အသက်သေစေနိုင်တဲ့ မက်သနော (methanol) အဆိပ်ဓာတ်ငွေ့ ငါးရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းထိ ပါနေတယ်လို့ ဆိုပါတယ်။ တောအရက်အနည်းငယ်ကို လက်ညှိုးမှာ ဆွတ်ပြီး မီးရှို့ကြည့်တဲ့အခါ ဟုန်းခနဲ မီးထတောက်တတ်ပါတယ်။ ဒီလို မီးလောင်ကျွမ်းနေတာဟာ မက်သနောဓာတ်များစွာပါနေတဲ့ အဆိပ်ငွေ့ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ဒီအရက်ကို ရက်ပေါင်း ၉၀ (သုံးလခန့်) နေ့စဉ် မှီဝဲရုံနဲ့ အသည်းခြောက်ရောဂါ၊ အဆုပ်ပျက်စီးတာ၊ ဝမ်းဗိုက်ဖောရောင်တာတွေနဲ့ နောက်ပိုင်းမှာတော့ ခန္ဓာကိုယ် ပိန်ချုံးပြီး သွေးအန်တာ၊ အသည်းပျက်စီးပြီးတော့ နောက်ဆုံးအဆင့်ကို ရောက်နိုင်တယ်လို့ AA ကျန်းမာရေး အသိုင်းအဝိုင်းက သတိပေးပါတယ်။ ဒီထက်ဆိုးတာက အရက်တွထဲ အရက်ပြန်လို့ခေါ်တဲ့ (methylated spirit) ဆေးရည်တွေ ရောစပ်ပြီး ရောင်းချလာတာကို တွေ့နေရပါတယ်။ အရက်ပြန်မှာ ethanol အက်ဆစ် ၉၅ ရာခိုင်နှုန်းနဲ့ methanol ငါးရာခိုင်နှုန်း ပါဝင်တာကြောင့် အရမ်းအန္တရာယ်များတယ်လို့ ဆိုပါတယ်။
ယမကာလုလင်တွေရဲ့ ပြောဆိုချက်အရ အခုအရက်တွေ မူးလာရင် စိတ်ကစဉ့်ကလျားဖြစ်တာ မကြာခဏရှိတတ်သလို သတိမေ့မြောတာ၊ ဘာမှမမှတ်မိတာတွေ ကြုံရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သောက်သုံးသူတွေ လျော့ကျမသွားပါဘူး။ မိုက်တွင်းနက်နေကြဆဲပါ။ ဒီနေ့ တောအရက် နေ့စဉ်သောက်သုံးလို့ အသည်းခြောက်ရောဂါနဲ့ သေဆုံးသူတွေရှိနေပြီလို့ ဒေသခံတွေနဲ့ ကျန်းမာရေးအသိုင်းအဝိုင်းက ပြောပါတယ်။ စာရင်းသိရဖို့ကတော့ ခဲယဉ်းပါတယ်။ တဖက်မှာလည်း မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အရက်ဘီယာ လုပ်ငန်း ၂၅ မျိုးထက်မနည်းရှိနေပြီး ပြည်တွင်းသာမက ပြည်ပအထိပါ ဈေးကွက်ရှိတယ်လို့ ဆိုပါတယ်။ ဒီလိုစစ်တပ်ပိုင် ဘီယာအရက်တွေကို ရခိုင်မှာ ပိတ်လိုက်တာကြောင့် စစ်တပ်ပိုင် ဘီယာ၊ အရက်ဈေးကွက် တစိတ်တဒေသတော့ ထိခိုက်သွားမှာ သေချာပါတယ်။
ရခိုင်ပြည်တွင်း အရက်ပိတ်ပင်ခဲ့တုန်းက ပြည်သူတွေ ကောင်းချီးပေးခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ AA ကိုယ်တိုင်ဦးစီးကာ နိုင်ငံတကာစံချိန်မီ အရက်၊ ဘီယာတွေ ထုတ်လုပ်နိုင်မလားဆိုပြီး မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ ‘မျှော်သာမျှော် မောင်တော် ပေါ်မလာ’ ဆိုတဲ့ အနေအထားပါ။ ဒီအချက်မှာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယကနေ အရက်တွေကို ခိုးသွင်းလို့မရဘူးလားလို့ မေးခွန်းတွေရှိပါတယ်။ လုံးဝမရပါ။ နယ်စပ်တွေမှာ သေချာစိစစ်ပြီး ပြင်းပြင်းထန်ထန် အရေးယူတာပါ။ တဖက်မှာလည်း နိုင်ငံခြားအရက်ဈေးနှုန်းဟာ မြန်မာငွေတွေနဲ့ဆို ဈေးကြီး ကွာဟတာလည်းပါပါတယ်။
ကမ္ဘာ့သမိုင်းမှာ ရုရှားသမ္မတ မစ်ခေးဂေါ်ဗာချော့ဗ် (Mikhail Gorbachev) ခေတ်က VODKA (ဗော့ကာ) အရက်ကို ပိတ်ပင်ခဲ့ပါတယ်။ ရုရှားဟာ အအေးပိုင်းဒေသဖြစ်တာကြောင့် အားလုံးက ဗော့ကာကို မှီဝဲကြပါတယ်။ အရက်ပိတ်လိုက်တာကြောင့် ရုရှားတွေဟာ ကိုယ့်ဘာသာ အရက်ချက်သောက်ကြလို့ အသက်ဆုံးရှုံးတာ အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ ပြည်မမှာလည်း စစ်တပ်ထုတ်ကုန် ဘီယာ၊ အရက်တွေကို သပိတ်မှောက်ခဲ့ကြတာကို မှတ်မိပါသေးတယ်။ ဒီနေ့ ထိရောက်မှု ရှိ၊ မရှိ မသိပေမဲ့ ရခိုင်ပြည်မှာတော့ ဘီယာဆိုတာ စိတ်ကူးယဉ်ထက် မပိုတော့ပါ။ ရခိုင်ပြည်မှာ ပြည်မနဲ့ ပြည်ပထုတ်ကုန် အရက်၊ ဘီယာ ယစ်မျိုးစုံကုန်စည်တွေကို ပိတ်ပင်လိုက်တာ ကောင်းပါတယ်။ ဒါပေမဲ့လည်း ဒီကနေ့ ရခိုင်ပြည်တွင်းနေ ယမကာလုလင်တွေတော့ ကြီးလေးတဲ့ ကျန်းမာရေးပြဿနာနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတာပါ။
ဒါကြောင့် ဒေသအာဏာပိုင်တွေဘက်ကလည်း ချင့်ချိန်သုံးသပ်ရမယ့် အခြေအနေရောက်နေပြီလို့ ဝေဖန်သံတွေလည်း ကြားနေရပါတယ်။ ဒီနေ့အထိ AA ဦးဆောင်လို့ဖြစ်ဖြစ်၊ ကုမ္ပဏီတွေကဖြစ်ဖြစ် အားလုံးလက်ခံနိုင်တဲ့ အရက် ဒါမှမဟုတ် ဘီယာတွေ မူပိုင်ခွင့်နဲ့ အစားထိုးထုတ်ကုန် တခုခု လိုအပ်လာပြီလို့ ပြောနေကြပါတယ်။ ပြည်မကလာတဲ့ အရက်ဘီယာတွေနဲ့ ဆယ်စုနှစ်များစွာ ကျွမ်းဝင်ခံတွင်းတွေ့ပြီးသား ရခိုင်တွေအဖို့တော့ ရင်ကွဲမတတ်ဖြစ်နေရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ အာမခံချက်မဲ့တဲ့ ယမကာတွေနဲ့ ရောဂါကို ဖိတ်ခေါ်နေကြဆဲပါ။ ဘာပဲပြောပြော ဒီကနေ့မှာတော့ ဘီယာလုံးဝမတွေ့ရတဲ့ နေရာဟာ AA ထိန်းချုပ်နယ်မြေဖြစ်နေပါတယ်။ ဆိုတော့ မိတ်ဆွေတို့ အာရက္ခဒေသသို့ အလည်လာခဲ့ရင် ရှိတာလေးနဲ့ပဲ တည်ခင်းဧည့်ခံပါရစေလို့… ။
