ပြန်ပြောပြတဲ့သူက တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ခေါင်းဆောင်။ သူတို့တပ်ဖွဲ့က တိုင်းရင်းသားဒေသတခုမှာ ၂၀၂၁ ခုနှစ်နှောင်းပိုင်း အခြေချစုဖွဲ့ထားတဲ့ တပ်ဖွဲ့တဖွဲ့ဖြစ်ပြီး လူအင်အား ၈၀ ကျော် ရှိတယ်။ တပ်ဖွဲ့ဝင်တွေက ဒေသခံတိုင်းရင်းသားလူငယ်တွေဖြစ်ပြီး စစ်အာဏာသိမ်းတာကို မကြိုက်လို့ လက်နက်ကိုင်ကြတာ။ သူတို့ အခုလိုလက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ ရွေးလိုက်တာကို သူတို့မိဘတွေကလည်း သဘောတူတယ်။ သူတို့ဒေသမှာ စစ်တပ်နဲ့ တိုက်ပွဲအလီလီတိုက်ခဲ့ရတော့ ကျဆုံးရဲဘော်တွေ ရှိလာတယ်။ ကျဆုံးရဲဘော်တွေရဲ့ မိဘတွေက “တော်လှန်ရေးလုပ်တာပဲ၊ ဒါမျိုးကြုံရမှာပဲ”လို့ သဘောထားမှတ်ချက် ပေးပါသတဲ့။
တပ်ဖွဲ့ရဲ့ခေါင်းဆောင် လူငယ်က ဒီစကားပြန်ပြောပြချိန်မှာ သူ့ကျဆုံးရဲဘော်တွေရဲ့ မိဘတွေအတွက် ဂုဏ်ယူတဲ့လေသံပါနေတယ်။ သူက ခေတ်ကောင်းစဥ်အချိန်တုန်းမှာ ဒီတုန်းကလူငယ်တွေထုံးစံ အိုင်အန်ဂျီအိုတခုမှာ လုပ်ခဲ့ဖူးတယ်။ သူ့အဖွဲ့အစည်းက လူကယ်ပြန်လုပ်ငန်းမျိုးလုပ်တာဆိုတော့ ဒီတုန်းက ရခိုင်ပြည်နယ်တခွင် ပြဲပြဲစင်အောင် သွားလာခဲ့ဖူးတယ်။ ပြည်တွင်းပြည်ပ အသိမိတ်ဆွေတွေလည်း အများကြီးကြုံဆုံတိုးပွားဖူးတယ်။ သူက ပေါင်းတတ်သင်းတတ် အပေါင်းအသင်းဆံ့သူတဦးလည်းဖြစ်တော့ အဲဒီအရှိန်နဲ့ အခု သူလက်နက်ကိုင် တော်လှန်ရေးလုပ်တော့ သူ့မိတ်ဟောင်းဆွေဟောင်းတွေက ဝိုင်းကြဝန်းကြတယ်။ သူ့တပ်ဖွဲဝင်တိုင်းကို တလကျပ်တသောင်း လစာပေးနိုင်ပါသတဲ့။
ကြားဖူးတာ ရိက္ခာတောင်အနိုင်နိုင်ဆိုတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာတော့ လစာပေးနိုင်တဲ့တပ်ဖွဲ့ဆိုတာ ရှားရှားပါးပါးပေါ့လေ။ ရဲဘော်တွေ ကွမ်းဖိုးဆေးဖိုးလောက်တော့ သုံးရနိုင်တာပေါ့။ တောထဲတောင်ထဲပေမဲ့ အခုခေတ် တော်လှန်ရေးလုပ်တာမှာ အင်တာနက်ရဖို့နဲ့ ထောက်ပို့အတွက် ကားတစီး အနည်းဆုံးရှိဖို့လိုတယ်။ ဒီတော့ ထောက်ပို့အလှူရှင်ရှာပြီး စတားလင့်တပ်၊ အင်တာနက်သုံးရတယ်။ ထောက်ပို့ကားအတွက်လည်း အလှူရှင်တယောက် ပေါ်လာပြီး ဝယ်ပေးသွားတယ်။ ထောက်ပို့ကားရှိလာတော့ ကားအတွက် ပြင်ဆင်စရိတ်လိုလာပြန်တယ်။ ဒါအတွက်လည်း တာဝန်ယူလှူပေးမယ့်သူ ပေါ်လာပြန်တာပဲတဲ့။
“ကျနော်တို့တပ်မှာ လိုအပ်ချက်တွေက များလွန်းတော့ အရေးတကာ့အရေးပေါ်ရံပုံငွေက အမြဲလိုနေ တာပါ” လို့ သူက ပြောတယ်။
လေးနှစ်ကျော်ကြာတော်လှန်ရေးကာလကို ထောက်ပို့အလှူရှင်တွေရဲ့ထောက်ပို့ငွေတွေနဲ့ပဲ ရပ်တည်နေနိုင်ခဲ့တာလို့ ပြောပြတယ်။ သန်မာတဲ့ ထောက်ပို့အလှူရှင်တွေဟာ လတိုင်းမပျက်မကွက် ပေးပို့လှုဒါန်းကြတယ်။ ကမ်ပိန်းတွေလုပ်ပြီး ပိုက်ဆံရှာရတယ်၊ ထောက်ပို့ထီရောင်းပြီး ပိုက်ဆံရှာရတယ်။ တချို့အလှူရှင်တွေက တပ်ဖွဲ့ရိက္ခာဖိုးဆို လှူဖို့ လက်မနှေးကြပေမဲ့ နှုတ်ခမ်းနီတောင့်ဖိုးဆို အင်တင်တင်ဖြစ်ကြတာလည်း ကြုံဖူးပါသတဲ့။
“အထူးသဖြင့်တော့ နိုင်ငံရပ်ခြားရောက်နေကြတဲ့ မြန်မာပြည်သူတွေဆီက အလှုငွေနဲ့ရပ်တည်ရပါတယ်”
သူက အဲဒီလို ပြောတယ်။ သူ ပြောပြမှပဲ တော်လှန်ရေးလုပ်ခါမှ အကြွေးတင်တာ သိရတော့တယ်။
သူ့တပ်ဖွဲ့အတွက် လက်နက်ခဲယမ်းဝယ်ရင်း သူ့ဆီမှာ တော်လှန်ကြွေး သိန်း ၈၀၀ ကျော်ရှိနေတယ်။ နယ်စပ်က လက်နက်အရောင်းအဝယ်လုပ်နေသူတွေက သူ့ကို ယုံယုံကြည်ကြည်နဲ့ အကြွေးပေးကြပါသတဲ့။ သူကတော့ ရဲဘော်တွေ အသက်ဘေးကြည့်ပြီး ကျည်ကာဦးထုပ်တွေ အလုံအလောက်မှာပြီး ဝယ်ယူအသုံးပြုခဲ့တယ်။ ဒီအကြောင်းပြောရင်း သူပြောပြတာတခုက ထူးထွေအံ့ရာပါပဲ။ အဲဒီတိုင်းရင်းသားဒေသမှာပဲ အခြေစိုက်တဲ့ တပ်ဖွဲ့တခုရဲ့ ခေါင်းဆောင်လုပ်သူဟာ တပ်ဖွဲ့ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်ဝယ်မပေးဘဲ သူစီးတဲ့ကားကို ကျည်ကာတပ်ပါသတဲ့။ သူ့တပ်ဖွဲ့က ရဲဘော်တဦး ခေါင်းကို ကျည်ဆန်မှန်ပြီး ကျဆုံးတော့ ရဲဘော်လေးရဲ့ အသုဘအခမ်းအနားကို အဲဒီတပ်ဖွဲ့ခေါင်းဆောင်လုပ်သူက ကျည်ကာကားကြီးစီးပြီး ရောက်လာပါသတဲ့။
“ဪ”လို့ပဲ တလိုက်မိတယ်။ တောထဲက တော်လှန်ရေးအတွေ့လေးရယ်မှ အိုအကြုံတွေပေါ့လေလို့ စကားထောက်မိတော့ ပြောပြတဲ့ တော်လှန်လူငယ်ခေါင်းဆောင်က ရယ်ကျဲကျဲနဲ့ ဆက်ပြောပြတယ်။ အဲဒီရင်းမှူးရဲ့ မိန်းမဖြစ်သူဟာ တောထဲကဈေးကို ဈေးဝယ်ထွက်တဲ့အခါ တပ်ကရဲဘော်နှစ်ယောက်က သေနတ်ထမ်းပြီး ခြံရံလိုက်ပါပေးရပါသတဲ့။ သက်တော်စောင့်ကိုယ်ရံတော်တွေ မပါဘဲ ဈေးဝယ်ထွက်လေ့ မရှိပါဘူးတဲ့။ ဒီတခါတော့ အော်ရယ်မိလိုက်တယ်။ ပြီးမှ စဥ်းစားပြီးရင်း စဥ်းစားမိရင်း ရယ်နေတာ ရပ်သွားတယ်။ ဒါပေမဲ့ ဆက်ရယ်ရတယ်။
လောကမှာ လူဆိုတာ ရယ်တတ်တဲ့ တခုတည်းသော သတ္တဝါဖြစ်သလို ရယ်စရာတွေကို အများဆုံးလုပ်တတ်တဲ့သတ္တဝါလည်းဖြစ်တယ်လို့ ဆိုကြတယ်မဟုတ်လား။ နို့နေပါဦး၊ ကျည်ကာကားစီးပြီး သက်တော်စောင့်နဲ့ ဈေးဝယ်ထွက်တဲ့ တော်လှန်အဖွဲ့ဦးဆောင်မောင်နှံက ဘယ်ကဘယ်သူတွေတုံးဆိုတော့ မူလလက်ဟောင်း တော်လှန်ရေးတပ်ဖွဲ့တခုကတဲ့။ ဪ၊ မူလလက်ဟောင်းနဲ့ ၂၀၂၁ နောက်ပိုင်းမှ တော်လှန်ရေးလုပ်တဲ့ ဦးဆောင်သူတွေရဲ့ မတူကွဲပြားတာလေးတွေပေါ့။
