၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်မှာ စစ်ကောင်စီ (စစ်ကော်မရှင်) က လွှတ်တော်သုံးရပ် ရွေးကောက်ပွဲတွေအတွက် ပြင်ဆင်တဲ့ ဥပဒေသုံးခုနဲ့ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေသစ်တခုကို တပြိုင်နက်တည်း ထုတ်ပြန်ခဲ့ပါတယ်။ တစားပွဲလုံး သူတို့လူတွေချည်းပဲ နေရာပြောင်းထိုင်တဲ့ ကစားဝိုင်းကို ပြည်သူတွေ သိပ်အာရုံမရှိကြတာကို သတိထားမိပါတယ်။ ပြည်သူတွေ စိတ်ဝင်စားသည် ဖြစ်စေ၊ စိတ်မဝင်စားသည် ဖြစ်စေ စစ်ကော်မရှင်တဖြစ်လဲ စစ်ကောင်စီကတော့ အာဏာသိမ်း ဆိုတဲ့ ဝိသေသနကို အာဏာပိုင်ဆိုတဲ့ စကားလုံးနဲ့ ပြောင်းဖို့ အရှိန်ပြင်းပြင်းနဲ့ လုပ်ဆောင်နေပါတယ်။ ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်ပြီး မကြာခင် ဇူလိုင်လ ၃၁ ရက်နေ့မှာပဲ အစိုးရဖွဲ့စည်းပုံတွေကို ပြောင်းလဲပြီး စစ်ကောင်စီကို စစ်ကော်မရှင်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပုဒ်မ ၄၁၉ အရ ကာကွယ်ရေးဦးစီးချုပ်ကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာတွေ လွှဲထားရာကနေ ပုဒ်မ ၄၂၇ အရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အာဏာသုံးရပ် လွှဲပြောင်းပေးလိုက်ပါတယ်။ ကိုယ် က,ချင်လို့ ကိုယ် ထောင်ထားတဲ့ ဇာတ်မှာ ခေါင်းဆောင်မင်းသားလုပ်ဖို့ ယာယီသမ္မတအဖြစ်လည်း ကိုယ်တိုင်တင်မြှောက်လိုက်ပါတယ်။
ပြင်ဆင်ပြဋ္ဌာန်းထားတဲ့ လွှတ်တော်ဥပဒေသုံးခုမှာ မြင်သာတဲ့အချက်က စစ်ကော်မရှင်ဟာ သူထိန်းချုပ်နိုင်စွမ်း ရှိနေသေးတဲ့ ဒေသတွေမှာ လူအင်အားရနိုင်သလောက် စုပြီး ရွေးကောက်ပွဲကို မြိုင်ဆိုင်အောင် ကျင်းပဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ကြိုတင်မဲပေးခွင့်ရှိသူစာရင်းမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့နေတဲ့ သက်ကြီးရွယ်အိုတွေကိုပါ ထပ်ဖြည့်ထားပါတယ်။ ဒါ့အပြင် ယာယီနေရပ်စွန့်ခွာနေသူ (IDP) တွေကိုပါ ကြိုတင်မဲပေးနိုင်ဖို့ ပြင်ဆင်ထားတဲ့အတွက် ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့နေထိုင်သူတွေရော၊ ရွာတွေမှာ စစ်ကြောင်းထိုးနေလို့ အနီးအနား မြို့တွေမှာ ခေတ္တတိမ်းရှောင်နေသူတွေကိုပါ စုစည်းပြီးသား ဖြစ်သွားပါတယ်။ ပဋိပက္ခဒေသတွေက ပြောင်းရွှေ့ထွက်ပြေးနေရသူတွေရဲ့ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရလို့ ဆိုထားတဲ့အတွက် လူကသာ မြို့မှာမရှိပေမဲ့ အဲဒီဒေသက အမတ်တွေကို မဲပေးနိုင်တဲ့ သဘောမျိုး ဖြစ်သွားပါတယ်။ မဲမသမာမှုတွေ ဖြစ်လာမယ်လို့လည်း တွက်ဆထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဥပဒေတွေမှာ ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲရက်အတွင်း ခရီးလွန်နေသူတွေအတွက် ကြိုတင်မဲပေးခွင့်ကို ပယ်ဖျက်လိုက်တဲ့အတွက် ရွေးကောက်ပွဲကာလတွေမှာ ခရီးသွားလာခွင့်တွေ ကန့်သတ်ပြီး ပြည်သူတွေကို အလုံပိတ် မဲပေးစေမယ့် သဘောမျိုး တွေ့ရပါတယ်။
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့တချက်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေက တရားမဲ့ပြုကျင့်တာတွေ့ရင် ရရှိပြီးတဲ့ မဲရလဒ်တွေကို နုတ်ပယ်ခံရမယ်ဆိုတဲ့အချက်ကို ဖြည့်စွက် ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို ချည်တုပ်ထားတဲ့ ကြိုးတချောင်း ဖြစ်လာနိုင်ပါတယ်။ တရားမဲ့ပြုကျင့်မှုရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို မဖော်ပြထားတဲ့အတွက် နိုင်ငံရေးပါတီအသီးသီးက ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ တရားမဲ့ပြုကျင့်တယ်ဆိုပြီး အကြောင်းအမျိုးမျိုးပြ စွပ်စွဲခံရနိုင်ခြေ ရှိနေပါတယ်။ မဲပေးဖို့ အတင်းအကျပ် ဖိအားပေးခံရတဲ့ပြည်သူတွေက စစ်ကော်မရှင်နဲ့ တိုက်ရိုက်မဆက်စပ်တဲ့ အရပ်သား နိုင်ငံရေးပါတီတခုကို မဲပေးခဲ့မယ်ဆိုရင်တောင် တရားမဝင်တဲ့ မဲတွေအဖြစ် စွပ်စွဲပြီး နုတ်ပယ်ခံရတဲ့ကိစ္စတွေ ရှိလာနိုင်ပါတယ်။
ဒါ့အပြင် ဥပဒေသစ်အရ ရွေးကောက်ပွဲ လုံခြုံရေးအတွက် ဗဟိုကနေ မြို့နယ်အဆင့်ထိ ကြီးကြပ်မှုကော်မတီတွေ အဆင့်ဆင့်ဖွဲ့ပြီး ရွေးကောက်ပွဲ အောင်မြင်ဖို့ ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ ဥပဒေအရဆိုရင် မဲဆန္ဒလာပေးတဲ့သူ၊ မဲရုံ၊ မဲရုံအဖွဲ့ဝင်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်တွေကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ အဓိက ပြစ်မှုတွေအနေနဲ့ (၁) ရွေးကောက်ပွဲလုပ်ငန်းစဉ် ပျက်ပြားအောင် ဟောပြောစည်းရုံး လှုံ့ဆော်တာ၊ (၂) ဒီဥပဒေအရ အကာအကွယ်ရသူတွေကို ခြိမ်းခြောက်၊ ဟန့်တား၊ မလျော်ဩဇာသုံးတာ၊ (၃) မိမိအလိုဆန္ဒအလျောက် နာကျင်စေတာ၊ (၄) မိမိအလိုဆန္ဒအလျောက် အပြင်းအထန်နာကျင်စေတာ၊ (၅) မဲရုံနဲ့ပရဝဏ်ကို ထိခိုက်ပျက်စီးစေတာစတဲ့ ပြစ်မှုတွေအတွက် ပြစ်ဒဏ်တွေကို ထည့်သွင်းဖော်ပြထားပါတယ်။ ပြစ်ဒဏ်ချမှတ်ရာမှာလည်း တဦးချင်းကျူးလွန်သူအတွက် ပြစ်ဒဏ်တမျိုး၊ ၅ ဦးနဲ့အထက် လူစုလူဝေးနဲ့ ကျူးလွန်တဲ့သူတွေအတွက် ပြစ်ဒဏ်တမျိုးအဖြစ် နှစ်မျိုးခွဲ ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲကာကွယ်ရေးဥပဒေမှာပါတဲ့ ပြစ်ဒဏ်တွေဟာ သာမန်အချိန်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် ချမှတ်တဲ့ ပြစ်ဒဏ်တွေထက် ပိုပြင်းထန်ပါတယ်။ ဥပမာ ရာဇသတ်ကြီးဥပဒေအရ ပြည်သူ့ဝန်ထမ်းတဦးကို တာဝန်ထမ်းဆောင်နေချိန်အတွင်း မိမိအလိုဆန္ဒအလျောက် နာကျင်စေမယ်ဆိုရင် ထောင်ဒဏ်သုံးနှစ် အများဆုံး ချနိုင်ပါတယ်။ သို့သော် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေမှာတော့ မဲပေးတဲ့သူကအစ မဲရုံဝန်ထမ်းနဲ့ လွှတ်တော်ကိုယ်စားလှယ်အဆုံး ဥပဒေအရ ကာကွယ်ပေးထားတဲ့သူတွေကို မိမိအလိုဆန္ဒအလျောက် နာကျင်စေမယ်ဆိုရင် တဦးချင်းကျူးလွန်သူကို ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိနဲ့ ငွေဒဏ်ကို ချမှတ်နိုင်ပါတယ်။ လူစုလူဝေးနဲ့ ကျူးလွန်သူတွေကိုတော့ ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိနဲ့ ငွေဒဏ်ကို ပြစ်ဒဏ်ချမှတ်နိုင်တာ ဖြစ်ပါတယ်။
သာမန်အချိန်မှာ အလိုဆန္ဒအလျောက် အပြင်းအထန် နာကျင်စေမယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိနဲ့ ငွေဒဏ် ချမှတ်နိုင်ပါတယ်။ အလားတူ ပြစ်မှုကို ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့သူတွေကို ကျူးလွန်ရင်တော့ တဦးချင်း ကျူးလွန်ရင် ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ် ၂၀ အထိနဲ့ ငွေဒဏ်၊ လူစုလူဝေးနဲ့ ကျူးလွန်ရင် ထောင်ဒဏ် ၁၅ နှစ်ကနေ နှစ် ၂၀ အထိနဲ့ ငွေဒဏ်တို့ကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ အသက်သေဆုံးတဲ့အထိ ဖြစ်စေမယ်ဆိုရင် သေဒဏ်အထိ ချမှတ်ဖို့ ပြဋ္ဌာန်းထားပါတယ်။ ရွေးကောက်ပွဲဥပဒေတွေ ပြင်ဆင်ပြဋ္ဌာန်းပြီးတဲ့အချိန်မှာပဲ ဆိုက်ဘာလုံခြုံရေးဥပဒေကိုလည်း အာဏာတည်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆန့်ကျင်မိတာ၊ လှုံ့ဆော်ဆန္ဒပြတာတွေအတွက် ဆိုက်ဘာလုံခြုံရေးဥပဒေ၊ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ နှစ်ရပ်လုံးနဲ့ တရားစွဲဆို ပြစ်ဒဏ်ချမှတ်တာ ခံရနိုင်ပါတယ်။ ဒီဥပဒေတွေဟာ မျှော့ကြိုးလို လိုသလို ချုံ့ချဲ့ဖွင့်ဆိုနိုင်ပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေနဲ့ ခြိမ်းခြောက်ထားတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ဆန့်ကျင်လိုတဲ့ လူပုဂ္ဂိုလ်တွေ၊ အစုအဖွဲ့တွေကို ရာဇသံ ပေးလိုက်တာလို့လည်း ဆိုနိုင်ပါတယ်။
ရန်သူကို အထင်သေးမိလို့ ကြိုတင်မပြင်ဆင်မိတဲ့အတွက် နစ်နာခဲ့ရတဲ့ကိစ္စတွေ အများကြီး ရှိပြီးပါပြီ။ တနိုင်ငံလုံးအနေနဲ့ နစ်နာခဲ့ရတာကို သာဓကပြရရင် ၂၀၂၁ အာဏာသိမ်းပွဲက အမြင်သာဆုံး ဖြစ်ပါတယ်။ ‘စစ်တပ်က အာဏာမသိမ်းဘူးလို့ မပြောနိုင်ဘူး’ ဆိုတဲ့ ထင်ထင်ပေါ်ပေါ် ခြိမ်းခြောက်မှုကို ဟာသတခုလို ပေါ့ပေါ့တွေးခဲ့တဲ့အတွက် နိုင်ငံရေးခေါင်းဆောင်တွေတောင် တုံ့ပြန်ချိန် မရခဲ့ပါဘူး။ အစိုးရတရပ်အနေနဲ့ အသိအမှတ်မပြုတာမှန်ပေမဲ့ စစ်ကော်မရှင်က ထုတ်ပြန်တဲ့ ဥပဒေတိုင်းဟာ ပြည်သူကို ထိခိုက်စေမယ့် ဒြပ်မဲ့လက်နက်တွေ ဖြစ်နေပါတယ်။ ဒါကြောင့် နိုင်ငံရေးဟာ၊ ထုတ်ပြန်လိုက်တဲ့ ဥပဒေတွေဟာ ကိုယ်နဲ့မဆိုင်သလို နေလို့မရပါဘူး။ လေ့လာရပါမယ်။ ဆန်းစစ်ရပါမယ်။ မိမိကိုယ်ကို ကာကွယ်ကြရပါမယ်။ မူဝါဒ ချမှတ်သူတွေအနေနဲ့ ထိရောက်တဲ့ တုံ့ပြန်မှုတွေ လုပ်ဖို့လိုပါလိမ့်မယ်။
