Critique

လူချမ်းသာများ အာသာဖြေသည့် ဆင်းရဲတွင်းက ညစ်ညမ်းရုပ်သံ

သနားညှာတာစိတ်နဲ့ ပေးကမ်းစွန့်ကြဲ ကူညီထောက်ပံ့ခြင်းကို သံမှိုရိုက်သင်ကြားခံရတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီလိုအာသာဖြေရတာကို ပိုမက်မောတတ်ကြပါတယ်။
By  အေမီ  | February 6, 2025

Porn ကို ညစ်ညမ်းရုပ်သံလို့ခေါ်ပြီး မြန်မာနိုင်ငံမှာ တရားမဝင်တဲ့ တားမြစ်ထုတ်ကုန်ပါ။ အရင်က အခွေဆိုင်တွေမှာ ခိုးကြောင်ခိုးဝှက်ပဲ ဝယ်ကြည့်ရရာကနေ အခုတော့ အပြေးအလွှားရှာစရာမလိုဘဲ အင်တာနက်ကလေးရှိရုံနဲ့ မိုဘိုင်းဖုန်းတွေထဲ အလွယ်တကူ ကြည့်လို့ရပါတယ်။ ညစ်ညမ်းရုပ်သံဆိုတာထဲမှာ လူ့အဖွဲ့အစည်းက မမြင်သင့်မမြင်အပ်ဘူးလို့ သတ်မှတ်ထားတဲ့ လူတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေ ပါပါတယ်။ ကာမကိစ္စတွေအကြောင်း ပွင့်လင်းစွာပြောခွင့်မရှိတဲ့ယဥ်ကျေးမှု ထွန်းကားတဲ့ မြန်မာနိုင်ငံလိုနိုင်ငံမှာ ညစ်ညမ်းရုပ်သံဟာ ပိုအမြင်ရိုင်းပါတယ်။ လိင်စိတ်ကို အာသာဖြေတဲ့ ညစ်ညမ်းရုပ်သံ ဖြန့်ဝေတာဟာ မြန်မာနိုင်ငံမှာ ဥပဒေအရကြည့်ရင်လည်း တရားမဝင်ပါဘူး။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ ဥပဒေအရ တရားဝင်ပြီး မြန်မာ့ယဉ်ကျေးမှုအရ အမြင်လည်း မရိုင်းတဲ့ ညစ်ညမ်းရုပ်သံအမျိုးအစားတခုကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တွင်တွင်ကျယ်ကျယ် တွေ့လာရပါတယ်။ အဲဒီ တရားဝင်တဲ့ ညစ်ညမ်းရုပ်သံတွေမှာတော့ သာသာယာယာ ဇာတ်ဝင်ခန်းတွေမပါသလို ကာမကိစ္စတွေလည်း မပါပါဘူး။ ဒီညစ်ညမ်းရုပ်သံတွေကိုကြည့်ပြီး လူတွေဟာ ဘယ်အရာအပေါ်မှာ အာသာဖြေကြတာလဲ။ ဒါကတော့ poverty porn လို့ခေါ်တဲ့ ဆင်းရဲမှုညစ်ညမ်းရုပ်သံတွေပါပဲ။

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

ပျက်စီးယိုယွင်းနေတဲ့ လူ့အဖွဲ့အစည်းမှာ လူသားတွေဟာ လူသားဆန်မှုလက်ကျန်လေးကို အာသာဖြေဖို့ ကြိုးစားကြပါတယ်။ ဒီလိုအာသာဖြေနိုင်ဖို့ poverty porn တွေကို ကြည့်ကြပါတယ်။ poverty porn ဆိုတာ လူ့အသိုင်းအဝိုင်းရဲ့ ဆင်းရဲမှုနဲ့ သောကတွေကို အလွန်အကျူး ချဲ့ကားဖော်ပြပြီး လူတွေရဲ့ သနားညှာတာစိတ်ကို ထောင်ချောက်လိုဖမ်းယူ အကူအညီရှာဖွေထားတဲ့ ရုပ်ပုံနဲ့ ဗီဒီယိုတွေကို ဆိုလိုတာပါ။

Poverty porn ဆိုတဲ့ စကားလုံးဟာ ၁၉၈၁ ခုနှစ်က ရေးသားခဲ့တဲ့ တက်ကြွလှုပ်ရှားသူ ဂျော်ဂန်လစ်နာ (Jorgen Lissner) ရဲ့ ‘စိတ်ဆင်းရဲသောကကို ရောင်းဝယ်ကြသူများ’ ဆောင်းပါးမှာ ပထမဆုံး ပါဝင်လာတာပါ။

အဲဲဒီအချိန်က အာဖရိကရဲ့ အစာငတ်မွတ်ခေါင်းပါးမှုကပ်ဘေးကြောင့် အာဟာရပြတ်လပ်နေတဲ့ ကလေးငယ်တွေရဲ့ပုံတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ခေတ်စားတဲ့အချိန်ပါ။ လူသားချင်းစာနာမှု အကူအညီတွေပေးတဲ့ အဖွဲ့အစည်းတွေဟာ ကလေးတွေရဲ့ အစာအာဟာရချို့တဲ့နေတဲ့ ပုံတွေကိုသုံးပြီး လူတွေရဲ့သနားစိတ်ကို မျှားခေါ်ကာ ရန်ပုံငွေ ရှာကြပါတယ်။ လူသန်းပေါင်းများစွာရဲ့ ရင်တွင်းကို ရိုက်ခတ်စေတဲ့ ဒီပုံတွေကို ဂျော်ဂန်လစ်နာကတော့ ညစ်ညမ်းရုပ်ရှင်တွေနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။ လူတဦးရဲ့ ဒုက္ခဝေဒနာဟာ လိင်မှုကိစ္စလို သိမ်မွေ့ပြီး ကိုယ်ရေးကိုယ်တာဆန်တယ်လို့ သူက ဆိုပါတယ်။ ဒီလို ဒုက္ခဝေဒနာကို လူပေါင်းများစွာကြည့်ဖို့ ရိုက်ကူးချပြတာဟာ လူ့ကျင့်ဝတ်နဲ့ မညီဘူးလို့ သူက ဝေဖန်ပါတယ်။ Poverty porn တွေဟာ အာဖရိကရဲ့ ငတ်မွတ်နေတဲ့ ကလေးတွေ၊ ဆင်းရဲမွဲတေမှုနဲ့ ကျိုးပဲ့နေတဲ့ အိမ်တွေအကြောင်းပဲ ချခင်းထားကြပါတယ်။ ရက်ရောမှု၊ ဖော်ရွေပျူငှာမှု၊ ယဉ်ကျေးမှုနဲ့ ဇွဲလုံ့လတွေ စတဲ့ သူတို့ချမ်းသာတဲ့ အရာတွေကိုတော့ လျစ်လျူရှုခဲ့ကြတယ်လို့ သူက ဆိုပါတယ်။

တကယ်တမ်းတော့ လူတွေရဲ့ သဒ္ဓါစိတ်ကိုနှိုးဆွဖို့ poverty porn တွေလိုပါတယ်။ လိင်မှုကိစ္စတွေမှာ အာသာဖြေဖို့ လိုအပ်သလို poverty porn တွေကနေတဆင့် လူတွေဟာ သူတို့ရဲ့ လူသားဆန်မှုလက်ကျန်လေးကို တသသနဲ့ ကြည့်ရင်း အာသာဖြေကြတယ်။ သနားညှာတာစိတ်နဲ့ ပေးကမ်းစွန့်ကြဲ ကူညီထောက်ပံ့ခြင်းကို သံမှိုရိုက်သင်ကြားခံရတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဒီလိုအာသာဖြေရတာကို ပိုမက်မောတတ်ကြပါတယ်။ တဖက်မှာလည်း ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးပြီး မင်းဆိုးမင်းညစ်ပေါတဲ့ တိုင်းပြည်မှာ ကဏ္ဍပေါင်းစုံက ယိုပေါက်တွေနဲ့ ပျက်စီးနေတတ်ပါတယ်။ ကဏ္ဍတိုင်းဟာ အရပ်ကူပါလူဝိုင်းပါ စေတနာ့ဝန်ထမ်း အလှူ့ဒကာ၊ ဒကာမတွေရဲ့ ရေစီးကမ်းပြိုလှူဒါန်းမှုနဲ့ ပရဟိတလုပ်ငန်းတွေကို မှီခိုနေရပါတယ်။ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုးတို့ တွေ့ကြသလိုပါပဲ။

လှူဒါန်းမှုလို့ဆိုရရင် နိဗ္ဗာန်အကျိုးမျှော်တဲ့ တိုက်တွန်းချက်တွေမှာ သာသနာကို ကာကွယ်စောင့်ရှောက်နေတဲ့ ဘုရားသားတော်တွေအတွက် နောက်ဆုံးပေါ်ကားတွေနဲ့ ဇိမ်ခံရွှေပလ္လင်တွေ လှူဒါန်းဖို့ကို ပိုပိုသာသာ အလေးပေး တိုက်တွန်းတတ်ကြပါတယ်။ ဒီလိုတိုက်တွန်းချက်တွေကို ကျော်လွန်ပြီး လှူဒါန်းကြဖို့ဆိုတာ စုတ်ပဲ့နုံချာတဲ့ နေ့စဉ်ဘဝငရဲကို တော်ရုံချပြနိုင်ရုံနဲ့ မရပါဘူး။ ကျောင်းဆောင်လှူရင် သီရိသုဓမ္မဘွဲ့ အပ်နှင်းခံရပေမဲ့ ဆင်းရဲသားတွေကို ထမင်းတနပ်လှူရင်ဖြင့် အလှူ့အမများမှာ ဘာဘွဲ့ထူးများ ရနိုင်ကြမှာလဲ။

ဒီတော့ အပြိုင်အဆိုင် အလှူရှင်ရှာရတဲ့ ဆင်းရဲတွင်းက လူမှုဘဝလိုအပ်ချက်တွေဟာ အရင်လို အရပ်ထဲမှာ လက်လှမ်းမီရာ နှိုးဆော်ကြရုံနဲ့ မလုံလောက်ကြတော့ပါဘူး။ တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းအတိုင်း လူမှုကွန်ရက်ပေါ်မှာ ကြေညာမောင်းခတ် ရပါတယ်။ ကြည့်ရှုသူ၊ နားထောင်သူရှားတဲ့ ခေတ်ပျက် သတင်းဌာနတွေကလည်း လူစိတ်ဝင်စားမယ့် poverty porn တွေကို အတော်လေး မျက်စိကျလာပါတယ်။ ဆင်းရဲတွင်းက ကလေးငယ်တွေ၊ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းဖြစ်သူတွေဟာ အဲဒီလို မီဒီယာတွေရဲ့ သားကောင်ဖြစ်လာပါတယ်။

ဒီနေရာမှာ အလှူ့အမများကလည်း တထောင့်တနေရာကနေ နှလုံးလှမီးအိမ်ရှင်ရာထူးကို ဝင်ယူလိုကြပါတယ်။ အလှူ့အမအနေနဲ့ လူထုမေတ္တာခံယူနိုင်ဖို့ မီဒီယာစုံညီရှေ့မှာ အင်တာဗျူးဖြေပြီးမှ စွန့်ပစ်ခံကလေးငယ်ကို ခေါ်ယူမွေးစားပါတယ်။ လူပေါင်းများစွာရဲ့ ထည့်ဝင်လှူဒါန်းငွေတွေနဲ့ အလှူ့အမက ခေါ်ယူမွေးစားနိုင်ပေမဲ့ ကျောမွဲမိဘတွေကိုတော့ ကိုယ့်သွေးကိုယ့်သားကို စွန့်ပစ်နိုင်သူတွေဖြစ်ကြောင်း မီဒီယာတွေက ကွက်ကွက်ကွင်းကွင်း ရိုက်ကူးတင်ဆက်ပြပါတယ်။ ဒီဗီဒီယိုဖိုင်တွေက ကလေးငယ်အတွက် စိတ်ဒဏ်ရာ ဘယ်လောက်ဖြစ်စေမလဲဆိုတာကိုတော့ ဘယ်သူမှ ထည့်သွင်းစဉ်းစားပုံ မပေါ်ပါဘူး။ အရင်းခံ ဆင်းရဲတွင်းက ဘဝတွေဟာ ကူငွေလေး အနည်းငယ်ရနိုင်ဖို့ ခေတ်ပျက်မီဒီယာတွေနဲ့ အလှူ့အမတွေအတွက် လူ့ဂုဏ်သိက္ခာကို စတေးခံရင်း ရွှေပုံပေါ် တရက်စံပြီး ဆင်းရဲတွင်းမှာရှိတဲ့ မူရင်းဘဝကို ပြန်ဆင်းကြရပြန်ပါတယ်။ အဆုံးမှာတော့ ပိုနေမြဲ၊ ကျားနေမြဲ။ ဒါပေမဲ့ မောင်ပိုမှာတော့ ရွှေတထုပ်နဲ့။

နိုင်ငံရဲ့ ပျက်စီးနေတဲ့ကဏ္ဍတွေကို ပြုပြင်ဖို့ဆိုတာ အစိုးရရဲ့ တာဝန်တွေပဲ ဖြစ်ပါတယ်။ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ဘိုးဘွားစောင့်ရှောက်ရေး၊ မသန်စွမ်း ပြုစုပျိုးထောင်ရေး၊ ရေဘေးသင့် ပြန်လည်ထူထောင်ရေး စတာတွေဟာ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ စီမံခန့်ခွဲလည်ပတ်ရမယ့် အစိုးရတရပ်ရဲ့ တာဝန်တွေသာဖြစ်ပါတယ်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (လူကယ်ပြန်) ရဲ့ တာဝန်လစ်ဟင်းမှုဟာ poverty porn တွေ ပြန့်ပွားဖို့ အဓိက မီးစာဖြစ်ပါတယ်။

ညစ်ညမ်းရုပ်သံဆိုတာ စွဲလမ်းစေတတ်တဲ့ သဘောရှိသလို စွဲလမ်းမိရင်လည်း ဖြတ်ရခက်ပါတယ်။ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှာလည်း poverty porn တွေ ခိုင်ခိုင်ခံ့ခံ့ အမြစ်တွယ်နေပါပြီ။

ဂုဏ်သိက္ခာကို ချနင်းထားတဲ့ poverty porn ကလာတဲ့ စာနာမှုတွေဟာ လူမှုပြဿနာတွေကိုဖြေရှင်းဖို့ စစ်မှန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ဘာကူညီမှု၊ ညာကူညီမှုအသင်းတွေ အင်မတန်ကို ပေါပါတယ်။ ဒါကို စာရေးဆရာတွေက မိခင်နို့ မထွက်ဆုံးရွာက နို့မှုန့် အရောင်းရဆုံးပဲလို့ သုံးသပ်ပြောဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ မိခင်နို့ရည်တွေ ဘယ်အထိ ဆက်လက်ပြတ်လပ်နေအုံးမှာလဲ။ Poverty porn တွေ ဘယ်အထိ ဆက်လက်ပြန့်ပွားနေမှာလဲ။ လူကယ်ပြန်ကို မကယ်နိုင်သေးသရွေ့တော့ သင် လှူတဲ့ကူတဲ့အခါမှာ သင့်ကင်မရာနဲ့ လူထုမေတ္တာခံယူလိုစိတ်ကို အိမ်မှာချန်ခဲ့ခြင်းဖြင့် အမြင်ရိုင်းတဲ့ poverty porn တွေ ပျံ့နှံ့နေမှုကို ဟန့်တားကာကွယ်ပေးစေလိုပါတယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


2 Responses

  1. I really like this writing—the sentence structure and word choice are excellent. I also agree with this narrative, and it has sparked many thoughts in my mind. Thank you for such a great article!

  2. Very Good ! ဖော်ပြပါ အဆင့် အတွေးအခေါ်အထိ ပြည်သူတွေ ပြည်တွင်းရှိ လူငယ်တွေ သိဖို့ ပြန့်နှံ့မှု ရှိဖို့ Local Content လေးနဲ့ ကျွန်တော်တို့ ဘယ်လို လုပ်ကြရင် အဆင်ပြေမလည်းဗျာ။ ဒီလိုစာမျိုးတွေကို ဆယ်ကျာ်သက် ကနေ အသက်အရွယ်မရွေး e g တွေနဲ့ ရှင်းပြ ဖတ်ပြ ထုတ်လွှင့်သင့်ပါတယ်။ Access to Education ဖြစ်ဖို့က လိုသေး

Leave a Reply

Your email address will not be published. Required fields are marked *