ကျနော့်ကို ရင်းနှီးတဲ့မိတ်ဆွေများက ‘အတော်ကံကောင်းတဲ့လူ’လို့ ပြောကြပါတယ်။ အညာမြို့တမြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်ထဲက ပေ ၂၀-၄၀ မြေပေါ်မှာ အိမ်မကျ၊ တဲမကတဲ့ အိမ်ငယ်လေးထဲ ကလေးလေးယောက်၊ လူကြီးလေးယောက် စုံပြုံနေကြရတာကို ဘာတွေများ ကံကောင်းနေလဲလို့ မသိတဲ့သူတွေက မေးလိမ့်မယ်။ ဒီလိုနေနိုင်လို့ပဲ ကျနော့်ကို ကံကောင်းတယ် သမုတ်ကြတာပါပဲ။ ကျနော်နေတဲ့ ရပ်ကွက်ထဲမှာပဲ ကျနော်တို့ ရွာတွေဘက်က လာနေကြတဲ့ စစ်ရှောင်အိမ်ထောင်စု တရာကျော်လောက် ရှိပါတယ်။ တချို့တွေဆို ဆိုင်ခန်းငှားဖို့ ဆောက်ထားတဲ့ အခန်းကျဉ်းကျဉ်းလေးတွေမှာ ငှားနေကြရ၊ တချို့ကျလည်း သူများအိမ်နောက်ဖေးအဖီမှာ ငှားနေကြရနဲ့ ဒီလိုမိသားစုတွေအကြားမှာတော့ ကိုယ်ပိုင်ခြံနဲ့ အိမ်နဲ့နေတဲ့ ကျနော်တို့က သူဌေးပါပဲ။
ကျနော်တို့ ဒီမြို့ဘက်ကို စစ်ရှောင်ဖို့ ဆုံးဖြတ်လိုက်ရတာက ကျနော့်သားအကြီးလေးနဲ့ တူမလေးတွေ စာမသင်ရတာ ခြောက်နှစ်လောက် ရှိလာတာရယ်၊ ကျနော့်အမျိုးသမီး မီးဖွားတော့မှာရယ်ကြောင့်ပါ။ ပြေးတဲ့အချိန်တုန်းက ကျနော်က အထုပ်အပိုးတွေနဲ့ အမေအိုကြီးကို ကျောမှာပိုးလိုက်၊ ချီလိုက်နဲ့၊ အမျိုးသမီးနဲ့ ကလေးတွေကလည်း နိုင်ရာရွက်ပြီး ကုန်းကြောင်း၊ ရေကြောင်းပြေးကြရတာပါပဲ။ ကမ်းကပ်ပြီး ဘေးကင်းတဲ့ဆီရောက်တော့ ကလေးတွေ ပထမဆုံးညည်းတဲ့ စကားက “ဂုတ်တွေ ညောင်းလိုက်တာ” ဆိုတာပါပဲ။ အမှန်ပါပဲ၊ အပေါ်က ပါရာမော်တာတွေ မော့ကြည့်ရ၊ အောက်က မြေမြှုပ်မိုင်းတွေ ငုံ့ကြည့်ရနဲ့ ခြေတွေလက်တွေ ညောင်းတဲ့ဆီတောင် အာရုံမရောက်နိုင်တော့ပါဘူး။
ဒီလို သက်စွန့်ဆံဖျား ပြေးလာရတဲ့သူတွေ မြို့မှာ ဘယ်လိုမြေဝယ်နိုင်လဲ မေးစရာ ရှိလိမ့်မယ်။ ကျနော်တို့ ပဲသွင်းတဲ့ ပွဲရုံက ပွဲစားကြီးက ကျနော်တို့ဘက်ကို ငှက်မွှေးတချောင်းတောင် ကျလို့မရတဲ့ အခြေအနေရှိမှန်း ကြားတဲ့အချိန်မှာ ကျနော့်ကို ချေဖို့ကျန်တဲ့ ပဲဖိုးတွေနဲ့ ဒီမှာ မြေနေရာ ဝယ်ပေးထားလို့ပါ။ ပွဲစားကြီး အမြော်အမြင်ကြီးတယ် ပြောရမှာပါပဲ။ အခုလည်း သူ့ပွဲရုံမှာပဲ ကျနော်က စာရင်းကိုင်၊ ကျန်အမျိုးသမီးတွေက ပဲရွေးနဲ့ အလုပ်ကလေး ရနေကြရတာပေါ့လေ။ စားစရိတ်ကတော့ ကျနော်တို့ ရှာရတာလေးရယ်၊ ကျနော်တို့ဆီ ကလေးတွေ အပ်ခဲ့ပြီး ထိုင်းဘက်အလုပ်လုပ်ဖို့ ထွက်သွားကြတဲ့ ကျနော့်ညီမတို့ လင်မယားက ပို့တာလေးရယ်နဲ့ တပတ်ကို အသားဟင်း နှစ်ရက်လောက်တော့ စားနိုင်ကြပါတယ်။ ဒီလောက်စားနိုင်တာ ကျေးဇူးတင်ရဦးမှာပါပဲ။ ရွာဘက်မှာ ကျန်ခဲ့တဲ့ အမျိုးတွေဆို ယာဉ်တန်း (ရှေ့တန်းထွက်နေတဲ့ စစ်သားတွေကို လာပို့တဲ့ ရိက္ခာကားတွေကို ပြောတာပါ) ကနေ နီကြန့်ကြန့် ဆန်တွေကို တပြည် ငါးသောင်းလောက်တောင် ပေးပြီးဝယ်စား နေကြရတယ် ကြားတယ်။ ပိုက်ဆံ မရှိတော့တဲ့သူတွေဆို ဆိုင်ကယ်၊ အင်ဗာတာ ရှိတာတွေနဲ့ လဲစားရတာပဲ။ နောက်ဆုံး မရှိတော့တဲ့အဆုံး မိုင်းရှာဖို့ ရှေ့တန်းကနေ လိုက်သွားကြရတယ်။
လွန်ခဲ့တဲ့ လေးလလောက်ကစပြီး စစ်ရှောင်ထောက်ပံ့ကြေးအနေနဲ့ တအိမ် ငါးသောင်းပေးတာကို မြို့နယ်အုပ်ချုပ်ရေးရုံးရှေ့မှာ သွားထုတ်နိုင်လာတယ်။ ပွဲစားကြီးကတော့ သဒ္ဓါလို့ ပေးတာမဟုတ်၊ ရွေးကောက်ပွဲနီးလို့ မဲဆွယ်နေတာလို့ ပြောပါတယ်။ မပြောလည်း ကျနော်သိပါတယ်။ ဖြစ်နိုင်ရင် ငါတို့ဘဝကို ဖျက်ပြီးမှ တလငါးသောင်းလောက် ပေးတာများ မယူဘူးလို့လည်း မာနကြီးပြချင်မိပါတယ်။ ဒါပေမဲ့ စစ်ရှောင်စရိတ် ထုတ်ပေးကတည်းက ရပ်ကွက်အုပ်ကြီးက တပတ်တခါ ဧည့်စာရင်းတိုင်ရတိုင်း အရင် တထောင်ကနေ အခု ငါးထောင်အထိ တိုးတောင်းလာတယ်။ စစ်ရှောင်စရိတ်က ဧည့်စာရင်းထဲ ပါတဲ့သူတွေ ရတာဆိုတော့လည်း သူတို့ခေတ် ရောက်လာတာပေါ့လေ။ ဒီတော့လည်း အရင်းထဲကပါ ပါမယ့်အဖြစ်မို့ မာနမကြီးနိုင်ဘဲ သွားတန်းစီ ယူရတာပါပဲ။
ကျနော်တို့ အိမ်လည်း ဖျက်ဆီးခံရတဲ့ထဲ ပါသွားပြီလို့ သတင်းပေးကြတယ်။ ဘယ်သူ့ကိုရယ်လို့ မဟုတ်၊ အဆောက်အအုံ နည်းနည်းကောင်းနေတယ်ဆိုရင် တော်လှန်ရေးဘက်က ပုန်းခိုနိုင်တယ်ဆိုပြီး သူတို့ စက်တပ်လေထီးနဲ့ မျက်စိထဲမြင်သမျှကို ဗုံးချသွားတာပဲ။ အဲဒီတော့ ရွာဦးဘုန်းကြီးကျောင်းရယ်၊ စာသင်ကျောင်းရယ်၊ ရွာထဲက အိမ်ကြီးတွေနဲ့ သူ့ဘေးပတ်လည်က အိမ်တွေ အကုန်ထိတော့ပါပဲ။ ဒီသတင်းကြားတော့ “လူကြီးတွေဆို တောင်းပန်ရင် မသတ်လောက်ပါဘူး” ဆိုပြီး ရွာမှာပဲ နေခဲ့ဖို့ စဉ်းစားတဲ့ အမေအိုကြီးကို ပွေ့ခေါ်လာမိတာက ကျနော့်ဘဝမှာ အမှန်ကန်ဆုံး ရွေးချယ်မှုလို့ တွေးမိပါတယ်။ ဒါပေမဲ့ ဒီစစ်ကြီးပြီးလည်း ပြန်စရာအိမ်မရှိတော့တဲ့ အကြောင်းကိုတော့ အမေရော၊ သွေးနုသားနု မိန်းမရော၊ စိတ်နုတဲ့ အဒေါ်ကိုရော မပြောဖို့ အားလုံးကို လိုက်နှုတ်ပိတ်မိပါတယ်။
ကြီးကောင်ဝင်လာတဲ့သားက မိဘတွေ ပင်ပန်းနေတာ မြင်ရတော့ သူဂိတ်စောင့်ပြီး ဝင်ငွေတဖက်တလမ်းက ရှာမယ်လို့ ပြောလာပါတယ်။ သားသမီးရဲ့ သိတတ်မှုကို ပီတိဖြစ်ရပေမဲ့ ကျောင်းစာပဲ ဂရုစိုက်ပြီး အိမ်အတွက် မပူဖို့ ပြောရပါတယ်။ သားက ကျောင်းပျက်စရာမလိုကြောင်း၊ ညနေပိုင်းစောင့်ရုံနဲ့ တသောင်းလောက် ရနိုင်ကြောင်းပြောတော့ ကျနော် စိတ်ဝင်စားပြီး မေးမိပါတယ်။ ကျနော့်ထက်တောင် ဝင်ငွေကောင်းနေတော့ ကျနော် ဝင်လုပ်သင့် လုပ်ရအောင်လို့ပါ။ သားရှင်းပြတဲ့ ဂိတ်စောင့်အလုပ်ကို ကြားမိတော့ သူ့အမေမှာ ဘုရားပါ တ,မိတဲ့အထိပါပဲ။ ဒီအလုပ်က စစ်တပ်ဘက်က မြို့အဝင်ဂိတ်တွေကို စောင့်ပေးရမှာပါ။ အထက်တန်းနဲ့ လူကောင်ကြီးတဲ့ အလယ်တန်းကျောင်းသားလေးတွေက ညနေကျောင်းဆင်းရင် ကျောင်းစိမ်းဝတ်စုံလဲပြီး ဂိတ်တွေမှာ ထိုင်ပေးရတယ် ပြောပါတယ်။ လက်ဖက်ရည်လည်း တိုက်၊ မုန့်ဖိုးလည်း ပေး၊ ဖုန်းပျက်နေတယ်များ ပြောရင် ဂိတ်ရှေ့ဖြတ်သွားတဲ့ ဆိုင်ကယ်တစီးကို တား၊ အကြောင်းမရှိ အကြောင်းရှာ ဖုန်းကို သိမ်းပြီးတောင် ပေးပါတယ်တဲ့။
ကလေးတွေ မျက်စိထဲမှာတော့ မုန့်ဖိုး အလွယ်ရ၊ ဟိုအကြောင်း ဒီအကြောင်း အတင်းထိုင်ပြောပေးရုံနဲ့ လက်ဖက်ရည် နဲ့ မုန့်မျိုးစုံကို မချွေတာဘဲ စားနိုင်နေတော့ ဒီအလုပ်ကို အထင်ကြီးနေကြပုံပါပဲ။ ဒီလို ကလေးတွေက ကျောင်းမှာပါ စာစိတ်မဝင်စားဘဲ ဟိုအကြောင်း၊ ဒီအကြောင်း စပ်စု၊ အလေလိုက်ဖို့ပဲ စိတ်သန်နေကြပြီး တခြားကလေးတွေကိုပါ “တိုင်ပြောလိုက်မှာနော်”ဆိုပြီး လူစွာလုပ်ကြသေးတယ် ပြောပါတယ်။ ဆရာမတွေတောင် မဆူရဲ၊ မထိရဲ ပျူကလေးလေးတွေ ဖြစ်မှန်းမသိ ဖြစ်နေကြပုံပါပဲ။ သားဆီက အဲဒီအကြောင်း ကြားပြီးကတည်းက သူ့အမေက အစိုးရကျောင်းကနေ နုတ်ပြီး ‘ဘက’ကျောင်းကို ပို့ဖို့လုပ်တယ်။ ကျနော့်မှာလည်း လုံခြုံရာအရပ်ကို ရောက်တာတောင် မလုံခြုံနိုင်သေးတဲ့ ဘဝကြောင့် မြန်မာနိုင်ငံမှာ အခြေခံလူတန်းစား ဖြစ်နေသရွေ့တော့ အမိုးအကာအောက်မှာ ထမင်းနပ်မှန်အောင် စားနိုင်တောင် ကံကောင်းတဲ့သူ မဖြစ်နိုင်ဘူးရယ်လို့ သက်ပြင်းချမိပါတော့တယ်။
