လူ့သက်တမ်းကို နှစ် ၇၀ နှုန်းနဲ့ တွက်မယ်ဆိုရင်တော့ နှစ်ပေါင်း ၂၀၀ ဆိုတာ မျိုးဆက် သုံးဆက်နီးပါး အချိန်ကာလ တခုပါ။ မြို့တမြို့အတွက်တော့ နှစ်ပေါင်း ၂၀၀ ဆိုတာ ရှေးခေတ်မြို့တွေနဲ့နှိုင်းရင် သက်တမ်းနုတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ရာစုနှစ်ခု ပြည့်လုနီးပါး သက်တမ်းရှည်ကြာလာတဲ့ မြို့ကလေးတမြို့အတွက်တော့ မှတ်တမ်းမှတ်ရာတွေ၊ အတိတ်နဲ့ ပစ္စုပ္ပန်ကာလတွေမှာ ပြောမကုန်နိုင်တဲ့ အကြောင်းအရာတွေလည်း ရှိနေပါတယ်။ မြို့ကလေးရဲ့ အနာဂတ်အတွက် ဟောကိန်းတွေကလည်း ဘယ်လိုဘယ်ပုံရှိလာမလဲဆိုတာ မြို့ခံတွေက ညှိုးငယ်နွမ်းလျစွာ စောင့်မျှော်နေကြတယ်။
ဒီမြို့ကလေးကတော့ မြန်မာနိုင်ငံရဲ့ အနောက်ဘက် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ပဲ ဖြစ်ပါတယ်။ ဒီမြို့ကို မှတ်တမ်းတွေထဲမှာ သမုဒ္ဒဂီရိ၊ ဘုရင့်စစ်သည်တော်တွေ တပ်ချခဲ့ဖူးတဲ့အတွက် ‘စစ်တဲ’ အဲဒီကနေတဆင့် စစ်တွေ၊ အင်္ဂလိပ်လက်ထက်မှာတော့ Akyab လို့ နာမည်တွေ ခေါ်တွင်ခဲ့ကြပါတယ်။
အင်္ဂလိပ်တွေဟာ အုပ်ချုပ်ရေးအဆင်ပြေချောမွေ့စေဖို့ မြောက်ဦးကနေ ပြောင်းလဲပြီး ၁၈၂၆ ခုနှစ်မှာ စစ်တွေကို မြို့အဖြစ် တည်ထောင်ခဲ့ကြပါတယ်။ စစ်တွေမြို့ဟာ မန္တလေးမြို့ထက် နှစ် ၃၀ စောတဲ့မြို့ဖြစ်သလို မြန်မာနိုင်ငံမှာ အင်္ဂလိပ်တွေတည်ခဲ့တဲ့ မြို့တွေထဲက အစောဆုံး မြို့တမြို့လို့လည်း ဆိုနိုင်ပါတယ်။ ဒီမြို့ကလေးဟာ ဘင်္ဂလားပင်လယ်အော်နဲ့ ကုလားတန်မြစ်ကမ်းဘေးက လွင်ပြင်မြို့ငယ်တခု ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ တောင်မရှိတဲ့ တခုတည်းသောမြို့လည်း ဖြစ်ပါတယ်။
မြို့တည်တဲ့ ၁၈၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်ကနေ ရေတွက်ရင်တော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ မြို့တည်နှစ် ၂၀၀ ပြည့်မှာဖြစ်ပါတယ်။ ဒါပေမဲ့ မြို့ကလေး နှစ် ၂၀၀ ပြည့်မွေးနေ့ကိုတော့ ပျော်ရွှင်ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ပါ့မလား ဆိုတဲ့မေးခွန်းကလည်း ရှိနေပါတယ်။
ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်အတွက် ပညာရေးအရ ရှေ့ရောက်ခဲ့တဲ့မြို့၊ ယဉ်ကျေးမှု၊ စာပေ၊ အနုပညာနဲ့ စီးပွားရေး၊ လူမှုရေးတွေမှာ ရှေ့ဆုံးကဦးဆောင်ခဲ့တဲ့မြို့။ အခုတော့ ဒီမြို့ကလေးဟာ အရင်ကလို မဟုတ်တော့ဘဲ အကျဉ်းစခန်းတခုလို၊ ပိတ်လှောင်ခံထားရတဲ့ ခြံကြီးတစ်ခြံလို အထီးကျန်မွန်းကျပ်စွာနဲ့ပဲ တည်ရှိလာခဲ့ပါတယ်။
မြို့ခံတွေဟာ စစ်ပွဲ၊ စစ်သံတွေနဲ့ တဖြည်းဖြည်းနီးလာတဲ့အတွက် သူတို့ချစ်တဲ့မြို့ကလေးကို တစစ စွန့်ခွာလာကြတာဟာ နှစ်ချီကြာမြင့်ခဲ့ကြပြီ ဖြစ်ပါတယ်။ အရင်က စည်ကားခဲ့တဲ့ မြို့ကလေးရဲ့ နေရာတွေဟာ တိတ်ဆိတ်ခြောက်ကပ်လို့။
မြို့ကလေးကို မစွန့်ရက်၊ မခွာနိုင်ကြသူတွေခမျာမှာတော့ ဆင်းရဲဒဏ်၊ အငတ်ဒဏ်၊ ကုန်ဈေးနှုန်းဒဏ်၊ ဆေးဝါးပြတ်လပ်တဲ့ဒဏ်၊ အလုပ်အကိုင်မရှိတဲ့ဒဏ် စတဲ့ ဒဏ်ရာဒဏ်ချက်ပေါင်း များစွာနဲ့ပါ။ တချို့မြို့ခံတွေဟာ ကိုယ့်အသက်ကို စတေးသွားကြတဲ့အထိ ကြောက်စရာကောင်းလာတဲ့မြို့ ဖြစ်လာတယ်။
ညညတွေဆို မြို့ခံတွေမအိပ်ရအောင် လူဖမ်းသမားတွေ သောင်းကျန်းကြသလို သူခိုး၊ ဂျပိုးတွေဟာလည်း ချက်ကောင်းမှာ မွေ့ပျော်ကြတဲ့မြို့ ဖြစ်လာတယ်။ နေအိမ်တွေဟာ ဗိုက်ဟောင်းလောင်းအဖွင့်ထားရတဲ့ ရင်ခွဲရုံက အလောင်းကောင်တွေလို ဖြစ်လာတယ်။
လက်နက်နဲ့ အာဏာကိုပြကာ ကျောမွဲတွေဆီက ရသမျှခြစ်ထုတ် အမြတ်ယူကြသူတွေက ရာထူး၊ ဂုဏ်ရှိန်အတွက် မြို့ကလေးကို ညှဉ်းပန်းကြတယ်၊ မြို့ခံတွေ မွဲပြာကျတယ်။ ကျောင်းတွေ အဓမ္မဖွင့်တယ်၊ မြို့ခံတွေ ငတ်ပြတ်ကြတယ်။ အုပ်ချုပ်ရေးရုံးတွေ အဓမ္မဖွင့်ကြတယ်၊ မြို့ခံတွေ မျက်ရည်ကျကြတယ်၊ အဓမ္မသတင်းစာတွေထဲ မြို့ကလေးရဲ့ ရိက္ခာတွေ ပါလာတတ်တယ်။
တချိန်က ပြည်သူတွေရင်ထဲက “ငါရို့ချစ်တေ မြို့စစ်တွေ”ဟာ ဘီလူးသဘက်တွေလက်ထဲက အကျဉ်းစံမြို့ကလေး ဖြစ်လာတယ်။ မြို့ကထွက်ခွာလာကြသူတွေက လက်ချိုးရေပြီး တွက်ချက်ကြတယ်။ “ငါတို့ဘယ်အချိန် အိမ်ပြန်နိုင်ကြမလဲ”။ ဒီမေးခွန်းနဲ့အဆုံးသတ်က မြို့ကလေးရှိရာ အနောက်အရပ်ကို မျက်နှာမူပြီး အလွမ်းဖြေကြတယ်။ မြို့ချစ်သူတွေဟာ မြို့ကလေးအတွက် ဆုတွေတောင်းကြတယ်။ သတင်းတွေ နားစွင့်ကြတယ်။ မြို့ကလေးဆီကိုပြန်ဖို့ အားယူပြုံးထားကြတယ်။ မြို့ကလေးရဲ့အမည်ဟာ ‘စစ်တွေ’ ဆိုတာနဲ့အညီ စစ်ဟာမြို့ ကလေးဆီမှာ တွယ်ကပ်လာခဲ့တယ်။
ဒါပေမဲ့ ဒီမြို့ကလေးဟာ ဒီတကြိမ်ပဲ စစ်ကိုဖြတ်သန်းဖူးတာတော့ မဟုတ်ပါဘူး။ မြို့တည်နှစ်ကရေတွက်ရင် ၁၁၆ နှစ်အကြာမှာ ဒုတိယကမ္ဘာစစ်ကြီးတကြိမ်ကို သူဖြတ်သန်းခဲ့ဖူးပါပြီ။ ၁၉၆၇ ခုနှစ် ဩဂုတ် ၁၃ ရက်ကလို ဆန်ရှားပါးမှုကြောင့်ဖြစ်တဲ့ ပြဿနာတွေလည်း ကြုံဖူးပါပြီ။ ဒီလို အဆိုးတွေချည်း ကြုံခဲ့တာ မဟုတ်ပြန်ပါဘူး။ မြို့တည်ပြီး ခြောက်နှစ်အကြာကနေစလို့ ရခိုင်လူထုကို အလုပ်ကျွေးပြုလာခဲ့ဖူးတယ်။ အင်္ဂလိပ်အုပ်ချုပ်တဲ့ကာလ အရှေ့တောင်အာရှရဲ့ ဆန်မြို့တော်ဖြစ်ဖူးတယ်။ ဆရာတော်ဦးတ္တမ၊ အဘိဓမ္မာကျမ်းကို ပါဠိဘာသာကနေ အင်္ဂလိပ်လို ပြန်ဆိုခဲ့တဲ့ ဒေါက်တာရွှေဇံအောင်၊ ဦးစံသာအောင်၊ ဦးရဲကျော်သူ၊ ဦးချန်ထွန်းတို့လို အကျော်အမော်တွေကိုလည်း ဒီမြို့ကလေးက မွေးထုတ်ဖူးတယ်။
မြို့ကလေးဟာ မြို့တည်စကနေ အခုအချိန်အထိ အကောင်းအဆိုးပေါင်းများစွာကို ကိုယ်တိုင်ဖြတ်သန်း လာခဲ့တာဟာ ရာစုနှစ် နှစ်စုနီးပါးရှည်ကြာခဲ့ပြီဖြစ်ပါတယ်။
မြို့ကလေးဟာ မြို့တည်နှစ်ကနေ ၁၉၇၃ ခုနှစ်အထိ ရခိုင်တိုင်းမြို့တော်၊ အဲဒီနောက်၂၀၁၀ ပြည့်နှစ်အထိ ပြည်နယ်မြို့တော်၊ ၂၀၁၁ ခုနှစ်ကစပြီး ပြည်နယ်အစိုးရရုံးစိုက်ရာမြို့အဖြစ် ဒီနေ့အချိန်ထိရှိနေဆဲဖြစ်တယ်။
တချိန်က လွတ်လပ်ပျော်ရွှင်စရာကောင်းတဲ့မြို့၊ စီးပွားရေးမြို့၊ ခေတ်ပညာတတ်တွေ ပေါ်ထွန်းခဲ့တဲ့မြို့၊ အဲလိဇဘတ်ဘုရင်မကြီးရဲ့ မွေးနေ့လက်ဆောင် နာရီစင်ကြီးရရှိခဲ့တဲ့မြို့။ ဒီမြို့ကလေး Akyab ဟာ၊ စစ်တွေဟာ နှစ်ပေါင်း ၂၀၀ ပြည့် မွေးနေ့မှာတော့ ကျနော်တို့တွေ မြို့ကလေးမှာ ပြန်ဆုံနိုင်ကြမလား။ ဒါမှမဟုတ် အဝေးတနေရာကပဲ Happy Birthday ပါလို့ မြို့စစ်တွေလို့ နှုတ်ဆက်ဂါရဝပြုရလေမလားလို့ တွေးမိပါတယ်။
လက်ငင်းဘဝအတွက် အကျိုးပြုမယ့် ဆုတခုသာ တောင်းခွင့်ရမယ်ဆိုရင်တော့ “ငါရို့ချစ်တေ၊ မြို့စစ်တွေ၊ နှစ် ၂၀၀ ပြည့်မွေးနေ့ကို မြို့ခံတွေနဲ့အတူ ပျော်ရွှင်လွတ်လပ်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပါတယ်။
