Essay

ကြံ့ကြီးဘယ်ရောက်သွားလဲ – ခြေရာလည်းပျောက်၊ ရေလည်းနောက် ဓားစာခံဘဝများ

ဒီအရပ်မှာ ပြောစမှတ်တခုက ဘာလဲဆိုတော့ ကျားဖြန့်ဖမ်းပွဲကြီးလာတော့ တရုတ်တွေ အထုပ်အပိုးတွေထမ်းပြီး ပြေးကြသတဲ့။ ... လေးငါးရက်လောက်နေတော့ အထုပ်အပိုး တွေနဲ့ပဲ သူတို့ ပြန်ရောက်လာကြသတဲ့။ လက်ထဲမှာ မြန်မာမှတ်ပုံတင်ကတ်ကလေးတွေတောင် အဆစ်ပါလာကြသေးဆိုပဲ။
By  စံအောင်ကျော်  | July 14, 2025

နေဝင်ပြီဆိုတာနဲ့ အမှောင်ဟာ ဖိစီးလာတော့တယ်။ ချွေချွေတာတာ သုံးနေရတဲ့ ဖုန်းအားကလည်း ကုန်လုပြီ။ တရုတ်တွေဆီကနေ ခိုးသုံးနေရတဲ့ ဝိုင်ဖိုင်လိုင်းက မိတချက်၊ မမိတချက်။ ပြေးဝင်လာခဲ့တဲ့ကြံ့ကြီးဟာ လျှပ်စစ်မီးကြိုးတွေကို ကိုက်ဖြတ်သွားခဲ့တာ အခုဆို ခြောက်လကျော်ပြီပေါ့။ 

အသက်ကသာ ပြန်ငယ်လို့မရတာ၊ ဘဝအခြေအနေတွေကတော့ နှစ်များစွာ နောက်ပြန်ဆုတ်သွားရတယ်။ ဒီလို တွေးမိတော့ မချင့်မရဲဖြစ်မိ။ အလုပ်မရှိတော့တာ ကြာခဲ့ပြီဖြစ်တဲ့ မီတာဘောက်ကလေးကို ငေးကြည့်မိရင်း စိတ်တွေ လေးလံရတယ်။ ယူနစ်ပြဂဏန်းတွေဟာ သေနေခဲ့ကြပြီ။ 

ပါဝင်ရေးသားကြဖို့ တိုက်တွန်းပါရစေ။

လူငယ်တွေရဲ့ အပြောချင်ဆုံးစကား၊ လူထုပရိသတ်တွေ အကြားချင်ဆုံးအသံကို ‘ISP Column’ကနေ ပို့ဆောင်ပေးနိုင်မယ်လို့ ယူဆပါတယ်။ စာမူတွေကို အယ်ဒီတာအဖွဲ့က ရွေးချယ်၊ တည်းဖြတ်မှုတွေ လုပ်ဆောင်ပါမယ်။ ဒါပေမဲ့ မူရင်းပုံမပျက်ယွင်းစေဘဲ (လိုအပ်တဲ့) အနည်းဆုံး တည်းဖြတ်မှုပဲ ဖြစ်ပါလိမ့်မယ်။ စာမူတွေအတွက်လည်း ISP-Myanmar က ဉာဏ်ပူဇော်ခချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။​

ဒါဟာ ထိုင်းနယ်စပ်တနေရာက မြန်မာမြို့တမြို့။ နယ်စပ်ဖြစ်တာနဲ့အညီ အဖွဲ့တွေစုံတယ်။ မွန်တွေပေါတယ်။ ကရင်တွေလည်း ပေါတယ်။ ဒါ့အပြင် အရပ်ရပ်အနယ်နယ်က ရွှေ့ပြောင်းအခြေလာချကြတဲ့ သူတွေလည်း ပေါတယ်။ ဒီနောက် ပိုပေါလာတာက မင်းဆိုးမင်းယုတ်ဘေးကနေ ပြေးလာကြတဲ့ ‘အပြေး’တွေ။ ဆန္ဒပြရာမှာ ပါခဲ့လို့၊ စီဒီအမ်လုပ်ထားလို့ဆိုပြီး ပြေးလာကြသူတွေက တလှိုင်း။ သိပ်မကြာဘူး စားဝတ်နေရေးကျပ်လာလို့၊ အလုပ်အကိုင် ခက်လာလို့ဆိုပြီး ပြေးလာကြတာက တလှိုင်း။ တခါ စစ်မှုထမ်းဆိုတာကြီးကို ကြောက်ပြီး ပြေးလာကြသူတွေက တလှိုင်း။ နောက်တခါ ပြည်သူ့လုံခြုံရေးဆိုလား၊ ဘာဆိုလားတော့ မသိဘူး၊ အဲဒီအသံကြီးကျယ်လာပြန်တော့ အရွယ်အရ စစ်မှုထမ်း လွတ်ပေမဲ့လည်း ကြောက်လန့်တကြီး ပြေးခဲ့ကြပြန်ရော။ ဒါက တလှိုင်း။ ဒီလိုနဲ့ တလှိုင်းပြီး တလှိုင်းက သယ်လာတဲ့ ဒုက္ခအိုးတွေဟာ ဒီကမ်းမှာ လာပြီးသောင်တင်ကြတော့တယ်။ သူတို့တွေဟာ ဖြစ်သလိုဆောက်ထားတဲ့ တန်းလျားတွေ၊ လိုင်းခန်းတွေထဲမှာ စုပြုံတိုးဝှေ့ ခွေခေါက်နေကြရင်း တော်လှန်ရေးက ဘယ်တော့အောင်မှာလဲဆိုတဲ့ မေးခွန်းတွေကို အိပ်မက်ယောင်ကြနေတယ်။ အိမ်ပြန်ချိန်ကို စောင့်ကြတယ်။

သူတို့ဆိုတာကလည်း အလုပ်အကိုင်က လောက်လောက်လားလား မရှိ။ ထိုင်းဘက်ကမ်းမှာ အောက်ဈေးနဲ့ တိုးတိုးတိတ်တိတ် ဖွင့်ထားတဲ့ တရုတ်စက်ရုံတွေမှာ တိုးတိုးတိတ်တိတ်ပဲ ဝင်လုပ်ကြရ။ ဒီတော့ အလုပ်ရှင်တွေကလည်း လုပ်ခလစာတွေကို တိုးတိုးတိတ်တိတ်ပဲ ပေးကြတယ်။ ထိုင်းရဲ့အခြေခံလုပ်ခလစာက တရက်ကို ဘတ်သုံးလေးရာ ရှိနေချိန်မှာ သူတို့ရတာက တရာ၊ တရာ့နှစ်ဆယ်။ အလုပ်သမားအခွင့်အရေးတွေ လာမအော်နဲ့။ တိုးတိုးတိတ်တိတ်နဲ့ပဲ ရှင်းလိုက်တယ်။ တိုးတိုးတိတ်တိတ်နဲ့ပဲ ပြီးကြရတယ်။ 

ဒါပေမဲ့လည်း ပြေးလာသူတွေဟာ ဝင်လာမစဲ တသည်းသည်းပါပဲ။ နိုင်ငံ့အခြေအနေကလည်း ဆိုးပြီးရင်း ဆိုးလာနေတာကိုး။ ဒီတော့လည်း မြို့ဟာ လှုပ်လှုပ်ခတ်ခတ်၊ ရှုပ်ရှုပ်ယှက်ယှက်နဲ့ စည်ကားတာပေါ့။  ကြံ့ကြီးတကောင် ပြေးမလာခင် အထိပေါ့လေ။ ကြံ့ကြီးအကြောင်း တွေးမိရင် လူထုကို ဒုက္ခပေးနေတာ ဝိသမလောဘသား ဒုစရိုက်သမားတွေလား၊ အစိုးရတွေလားဆိုတဲ့ မေးခွန်းကိုလည်း မေးမိပြန်တယ်။ ဒီကိစ္စ မသဲကွဲဘူး။

လွန်ခဲ့တဲ့ငါးလကျော်လောက်ကထင်ရဲ့။ ‘ကြံ့ကြီးတကောင်တော့ ပြေးလာနေပြီ’ဆိုတဲ့ ခေါင်းစဉ်ပြူးတူးပြဲတဲကြီးနဲ့ စာတပုဒ်ကို တခုတ်တရ ဖတ်ခဲ့ရတယ်။ ကျားဖြန့်ဆိုတဲ့သတ္တဝါတွေကို လွင့်ထွက်သွားအောင် ကြံ့ကြီးက ဝှေ့ရမ်း ထိုးခြေပစ်တော့မယ်ဆိုပဲ။ ဒီကြားထဲ အနေအထိုင်မတတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေ ထိုးကျွေးခံဖြစ်မယ်လို့လည်း ဆိုထားတယ်။ 

သူ့ဇာတ်လမ်းက ဒီလို။ ရှမ်းမြောက်လို့ခေါ်တဲ့ တရုတ်နယ်စပ်မှာ ကျားဖြန့်တွေ သောင်းကျန်းလွန်းလို့ ‘၁၀၂၇’ ခေါင်းစဉ်တပ်ပြီး နှိမ်နင်း။ ကျားဖြန့်ဆိုတာတွေကလည်း ဘိုးဘိုးအောင်ရဲ့ ဝလုံးတွေလို တလုံးဖျက်တော့ နှစ်လုံး ပေါ်။ အံမခန်းသတ္တဝါတွေပါပဲ။ တရုတ်နယ်စပ်ကနေ မြေလျှိုးပြီး ထိုင်းနယ်စပ်တကြောမှာ ပြန်ပေါ်လာတယ်။ ဒီတခါမှာတော့ တရုတ်ဟာ သူ့ချည်းပဲ မပြီး၊ ထိုင်းနဲ့ လက်ဝါးချင်းတီးပြီး ထိုင်းနယ်စပ်က ကျားဖြန့်တွေကို နှိမ်နင်းမယ်ဆိုပြီး ဖြစ်လာရော။ ပြဿနာက ကျားဖြန့်တွေ ခိုအောင်းကျက်စားနေတဲ့နေရာတွေဟာ ထိုင်းဘက်ကလာတဲ့ လျှပ်စစ်မီးနဲ့ အင်တာနက်ကို မှီခိုနေရတာ။ အဲဒါတွေကို ဖြတ်မှ ကျားဖြန့်ကိစ္စလည်း ပြတ်မယ်ဆိုပြီး ဘယ်သူက အခါတော်ပေး လိုက်သလဲတော့မသိဘူး။ 

တမြို့လုံးဟာ ရုတ်တရက်ကြီး ပျာယာခတ်သွားရတော့တယ်။ ‘တို့ခေတ်ကိုတော့ ရောက်ရမည်မလွဲ’ဆိုပြီး တော်ရာချောင်ကနေ ကျိတ်ပြီး ကြုံးဝါးနေတဲ့ ဖယောင်းတိုင်လုပ်ငန်းရှင်တွေ၊ မီးသွေးဖုတ်သူတွေ မျက်နှာပန်း ပွင့်လာပြန်ခဲ့ပေသတည်းပေါ့။​

တတ်နိုင်သူတွေကတော့ ဆိုလာတွေ တပ်ဆင်ကြ၊ မီးစက်တွေ နှိုးကြ၊ ဆီတွေ လှောင်ကြတယ်။ ဆိုလာဆိုတာကလည်း အိမ်တဆောင် မီးပြောင်ပြောင်ဖြစ်ဖို့ဆို သိန်းရာနဲ့ချီ ကုန်တယ်ဆိုပဲ။ ပေါင်မုန့်မရှိ ကိတ်မုန့်စား ဆိုတာမျိုးနဲ့တောင် တူပါသေးတယ်။ အင်တာနက်အတွက် စတားလင့်ဆိုတာတွေ ဝယ်တပ်ကြ။​ ဒါကလည်း သိန်းရာဂဏန်း။ ဒီလိုနဲ့ပဲ သူတို့လုပ်ငန်းတွေ ဟန်မပျက်ခဲ့ကြဘူး။

ဒီအရပ်မှာ ပြောစမှတ်တခုက ဘာလဲဆိုတော့ ကျားဖြန့်ဖမ်းပွဲကြီးလာတော့ တရုတ်တွေ အထုပ်အပိုးတွေထမ်းပြီး ပြေးကြသတဲ့။ (ပြေးတယ်ဆိုပေမဲ့ အညာမှာ စစ်ပြေးရသလို ခြေဦးတည့်ရာ ပြေးကြတာမျိုးတော့ ဟုတ်ပုံမရဘူး။) လေးငါးရက်လောက်နေတော့ အထုပ်အပိုး တွေနဲ့ပဲ သူတို့ ပြန်ရောက်လာကြသတဲ့။ လက်ထဲမှာ မြန်မာမှတ်ပုံတင်ကတ်ကလေးတွေတောင် အဆစ်ပါလာကြသေးဆိုပဲ။

တရက်ဝင်ငွေ တရာ့သုံးလေးငါးဆယ်လောက်နဲ့ ရုန်းကန်နေရသူ အခြေခံပြည်သူတွေအဖို့ လက်တဝါးစာ ဆိုလာပြားလေးတပြားတောင် မဝယ်နိုင်။ ဖုန်းကလေး အားသွင်းဖို့ကို ထိုင်းဘက်ကမ်း ကူးပြီး အသိအကျွမ်းတွေဆီမှာ မျက်နှာလုပ်ရတယ်။ 

ပြေးလာနေတယ်ဆိုတဲ့ ကြံ့ကြီး ဘယ်ရောက်သွားပါလိမ့်လို့ တွေးမိပြန်တယ်။ ခြင်က ကိုက်သမို့ ယပ်တဖျပ်ဖျပ် ခတ်ရင်းပေါ့လေ။ အစောတုန်းကတော့ ဘယ်သူတွေကို ဖမ်းလိုက်ပြီ၊ ဘယ်နှယောက်ကို ပြန်ပို့နေပြီ။ ဘယ်သူကြီးကတော့ ငိုနေပြီဆိုတဲ့ သတင်းတွေကို နေ့စဉ်လိုလို တွေ့နေခဲ့ရတယ်။ ကြည့်ရတာ မီဒီယာတွေဆိုတာကလည်း သူများရိုက်တဲ့ ရုပ်ရှင်ဇာတ်ကားမှာ မှန်ထိုး၊ မီးထိုးဝင်လုပ်ပေးရရုံနဲ့တင် ကျေနပ်သွားကြပြီလားမသိပါဘူး။ ဖမ်းမယ်ဆီးမယ်၊ နှိမ်နင်းတော့မယ်ဆိုတဲ့ အရိပ်တွေ၊ လေတွေနောက်ကိုပဲ လိုက်နေပြီး တကယ့်ဇာတ်လမ်းတွေကိုတော့ မေ့နေကြလေသလား၊ လက်လှမ်းပဲ မမီကြလေသလား၊ မပြောတတ်ဘူး။

လေယူရာယိမ်းနေတဲ့ ဖယောင်းတိုင်မီးကလေးဟာ အမှောင်ကို အန်တုနေရဲ့။ ခလုတ်ကလေး ဖျောက်ခနဲ ထနှိပ် လိုက်ရင် တခန်းလုံးလင်းသွားရတဲ့ အဖြစ်မျိုးကို လွမ်းလိုက်ပါဘိ။ ကလေးတုန်းက သင်ရတဲ့ ဟိုဘက်ကမ်းက မီးထိန်ထိန်ဆိုတဲ့ ကဗျာလေး သတိရမိတော့ ရင်ဘတ်ထဲ အောင့်တယ်။​ သူများမီးရောင်တွေကို အမှောင်ထဲကနေ ထိုင်ကြည့်နေရတဲ့အရသာက ခါးပါတယ်။

အခုဆောင်းပါးဟာ ISP-Myanmar ရဲ့ အာဘော်မဟုတ်ဘဲ စာရေးသူရဲ့အာဘော်ပဲ ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ရှုအပြီးမှာ ဆင်ခြင်မိတာတွေ၊ ချေပလိုတာတွေရှိရင်လည်း တုံ့ပြန်ဆောင်းပါး (rebuttal article) တွေ ပြန်ရေးပြီး ပို့နိုင်ပါတယ်။

စာမူပေးပို့ရန်


Leave a Reply

Your email address will not be published. Required fields are marked *


Related articles